>Mar Mar Aye – 295

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၅

ကနောင်မင်းသားနဲ့ လှိုင်ထိပ်ထား
မာမာအေး
နိုဝင်ဘာ ၂၁၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊
မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်မှာ BBC ပရိသတ်ထဲက သိချင်လို့ ပြောပြပါဦးလို့ ပူဆာတာနဲ့ မန်းမန္တလာ၊ နန်းမြို့ဘွေသီဟာက ဥပရာဇာ အိမ်ရှေ့မင်းရဲ့ စိတ်တူရုပ်သွင် လှိုင်ထိပ်ခေါင်တင်မိဖုရားအကြောင်း စ ပေးထားခဲ့ပါတယ်။
ခမည်းတော် သာယာဝတီ ရွှေဘိုမင်းနဲ့ မယ်တော်အနောက်နန်းမိဖုရား မမြကလေးတို့ ချစ်စနိုး ခေါ်ကြတဲ့ ‘မဖွားကြီး’ဟာ သက်တော် လေးနှစ်လောက်မှာ ခမည်းတော်က ‘လှိုင်မြို့’ကို စားစေတော်မူလို့ လှိုင်ထိပ်တင်၊ လှိုင်ထိပ်ထားလို့ ကြင်နာသနား အခေါ်များခဲ့တာပေါ့ရှင်။

ကြမ္မာမလှရှာတဲ့ လှိုင့်မာတာမြကလေး ၁၂ဝ၇ ခုနှစ်မှာ ရာဇဝတ်ဘေးရောက် ဘဝပျော်သွားတော့ မင်းတုန်းမင်း မိဖုရားကြီးက ကောက်ယူ ထွေးပွေ့ မေတ္တာငွေ့ပေးခဲ့တာမို့ တော်သေးရဲ့လို့ ရင်မောတာလေး ဝေးသွားတယ်။ မိခင်နဲ့ ဝေးရတော့ လှိုင်မင်းသမီး သက်တော် ၁၂ ပဲ ရှိသေးသတဲ့။ ဖခမည်းတော်ဟာလဲ သက္ကရာဇ် ၁၂ဝ၈ ခုနှစ် တန်ဆောင်မုန်းလမှာ နတ်ထီးစံကံကုန်ပြန်တော့ကာ ရေနည်းငါးပမာ ခံစားရရှာဦးမှာပါနော်။
တခါ ကံကော်ဖို့ ကြုံလာတော့ မေတ္တာတရား လှိုင့်အပေါ် မိဘသဖွယ်ထားတဲ့သူတွေက မင်းတုန်းမင်းတရားကြီးနဲ့ မိဖုရားခေါင်ကြီးအဖြစ် ရွှေဘုံရွှေနန်းသစ် ရတနာပုံခေတ်ကို တည်ထောင်ပါတယ်။

xxx မန်းရတနာပုံနေပြည်၊ ကောဇာသက္ကရာဇ် အခါသမယ၊ ၁၂၂၁ နှစ်ကြာမှ သိုက်မြိုက်ရွှင်ကြည်၊ ဗျာဒိတ်တော်ကိုက်ညီ၊ ဓာတ်ကိန်းနော် ဆိုက်ပြီ၊ ဘဝရှင် မင်းတုန်းမင်းမြတ်သည် ၇ ဌာန ပန္နက်ချကာတည် xxx ရွှေမြို့တော် ကျုံးတော်၊ မဟာလောက မာရဇိန်စေတီတော်၊ သိမ်တော်၊ မဟာအတုလ ဝေယံကျောင်းတော်၊ ပိဋကတိုက်တော်၊ သုဓမ္မာဇရပ်တော်၊ ခုနှစ်ဌာနမည်၊ ဝေယံဘုံခန်း နတ်နန်းပမာတည် xxx (မန်းရာပြည့်မှ)

မန္တလေးရာပြည့်နှစ်က အရေး ပထမဆုရတဲ့ ဆရာ လင်းခေးလုင်ရဲ့ ပြိုင်ပွဲဝင်သီချင်းလေးထဲက တပုဒ်ပါရှင်။ လှိုင်မဖျားရဲ့ မယ်တော်ကလဲ တာဝတိံသာနဲ့ နှိုင်းစာ ရေးဖွဲ့ခဲ့တဲ့ ရွှေမန္တလေးမှာ အမေ့ဝါသနာ အမေ့ပိုးကလေး ကဗျာလင်္ကာတွေနဲ့ ထွေးလုံးရစ်နှောင် ကလောင်သွေးခဲ့တာ အသေအချာပါဘဲ။ ငယ်စဉ်ကစပြီး ကဗျာဂီတမက ‘ဝိဇယကာရီ’ ဆိုတဲ့ နန်းတွင်းဇာတ်တော်ကြီးကိုပါ ရေးဖွဲ့နိုင်သူ ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာယ လှပတင့်တယ်၊ ဂုဏ်မျိုးကြွယ်တဲ့ လှိုင်တမယ်ကို ၁၂၁၅ ခုနှစ်မှာ ကနောင်မင်းသားကို အိမ်ရှေ့အပ်နှင်းတဲ့အခါ အိမ်ရှေ့မိဖုရားအရာ စုလျားရစ်ပတ် လက်ထပ်ပေးတော်မူခဲ့ပါတယ်။

ကနောင်မင်းသားနဲ့ လှိုင်ထိပ်ထားဟာ ၁၄ နှစ်လောက် ကွာပါတယ်ရှင်။ လှိုင်မဖျား အိမ်ရှေ့မိဖုရား မဖြစ်မီမှာ ‘ဣန္ဒာဝံသ’ နန်းတွင်းဇာတ်ကို ရေးခဲ့ပြီး မိဖုရားဖြစ်မှ ရေးလို့ပြီးတယ်လို့ အဆိုရှိပါတယ်ရှင်။ မာအေး အဲဒီစာအုပ်ကို တွေ့လို့ ယူခဲ့တယ်။ ဖတ်ပြီးရင် ပြောပြမယ်လို့ ပြောခဲ့ပြီးပြီဘဲ။

‘ဣန္ဒာဝံသ’ ရေးတော့ သက်တော် ၂ဝ လောက်မှာပေါ့ရှင်။ စက်တင် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ ‘ဟံသာဝတီတိုက်’ ကို ကျေးဇူးတင်ရပါတယ်။ ၁၉၅၉ ခုနှစ် သြဂုတ်လက ဒီလို ထုတ်ခဲ့လို့သာ မာအေး ဖတ်ရတာ မဟုတ်လားရှင်။ ဒီဇာတ်တော်ကြီးကို လှိုင်ထိပ်ထားက မောင်ဘုရား အိမ်ရှေ့ဘုရားမှာ မိဖုရား အငယ်တွေ များလွန်းလို့ စောင်းလို မြောင်းလိုစိတ်နဲ့ ချိတ်ရိတ်ပြီး ရေးတာ ဖြစ်မယ်လို့ ပညာရှင်များက ယူဆကြတယ်လို့ စာအုပ်နိဒါန်းက ဆိုပါတယ်။

အဲဒါ ဟုတ်နိုင်ချေရှိတယ်လို့ မာအေးလဲ ထောက်ခံချင်ချင်ဘဲရှင့်။ ဣန္ဒာဝံသမင်းသားဟာ နတ်တမျှ ချောလှသတဲ့။ သိကြားမင်း ပေးတဲ့ လက်နက်တော်တွေလဲပိုင်၊ ယှဉ်ပြိုင်စရာ မရှိတဲ့ ဘုန်းနဲ့ ပြည့်စုံတဲ့ အိမ်ရှေ့မင်းသားပါ။ မင်းသမီးက ခလေးစိတ် မပျောက်သေးတဲ့ တကယ့် ဆယ်ကျော်သက်၊ နာမည်က ‘ဘဂုတာရီ’ မင်းသမီး တဲ့။ ကနောင် နဲ့ လှိုင်လှိုင် လို အသက်ကွာတာမျိုးကို အဖေအမေ ရွှေနန်းစံတို့က ထိမ်းမြားပေးတဲ့အခါ မဟေသီဒေဝီခေါင်ချုပ် ဖြစ်လာမှာ သေချာနေတဲ့ မင်းသမီးလေးပေါ့။

ဣန္ဒာဝံသ မင်းသားဟာ ‘ဘဂုတာရီ’ ကလေး မိဖုရားလေးကို မမြင်ရ မနေနိုင် သည်းသည်းလှုပ် ချစ်နေ ခံစားနေတာက တပိုင်း၊ ရောက်တဲ့အရပ်မှာ အိမ်ထောင်ကျရစေရဲ့လို့ ဆုတောင်းမိတဲ့သူလို ရောက်ရာအရပ်မှာ မင်းသမီးတွေကို ချူခဲ့ ယူခဲ့တော့တာကလား။ ဘယ်လို နှလုံးသားပါလိမ့်။ ဝဏ္ဏပဒုံမင်းသမီး၊ မြနန်းကလျာ၊ စိန်ကရာသီ၊ ပတ္တမြားဒါဂူ၊ ‘ပန်းကြာရစာရီ’ တဲ့၊ ကဲ နည်းရော့လားရှင်။

လှိုင်ထိပ်ခေါင်တင်ရဲ့ အရေးအသားမှာ အချိတ်အဆက် စေ့စပ်ခြင်း စာပေ ဗဟုသုတ နှံ့စပ်ခြင်း၊ စိတ်ကူးယဉ်ခြင်း၊ အဖွဲ့အနွဲ့ ယဉ်ကျေးသိမ်မွေ့ ခံ့ညား ကြွယ်ဝခြင်းတွေ အပြည့် ဖတ်ရပြီးတော့၊ ကာရန်နဘေ ပြေပြစ်ပုံများ အသံအထားနဲ့ကို ပြလိုပါတယ်။ ဘဂုတာရီ မင်းသမီးလေးကို အထိန်းတော်က ချော့ပြီး ပြောတဲ့ စကားမျိုးပါရှင်။

အာကာဘုံနန်း၊ ရောင်စုံလျှမ်းသည့်၊ ယုန်စန်းသော်တာ၊ လှမြတ်စွာငယ်၊ ယမန်ခါဦး၊ မယ်တင်ဖူးစဉ်က၊ ကျော့မှူးမြင့်သူ၊ ငြင်းတော်မူလို့ မာန်ယူစိတ်လို၊ ဟုတ်ဖူးဆိုတယ်၊ အလိုဘုရား၊ တပါးမောင်တော်၊ ဘုန်းမော်နန်းရာ၊ မိန့်ခွန်းတော်သာလိုက်သည်၊ သဉ္စာဘုံဆောင်၊ မြကွန်းညောင်ဝယ်၊ နောင်သစ္စာဦး၊ လွဲသွေတော်ဘူးငယ်လို့၊ ရွှေမှူးမြညှာ၊ ရွှေစိတ်တော်နာမည်ကို၊ ကြံကာတွေးယူ၊ ပူကြီးပူပါငဲ့၊ ဇမ္ဗူရွှေစင်၊ သက်ထက်ကယ်ကြပေါတဲ့၊ မြပင်နန်းစံ၊ သောင်းလုံးမှန်ငယ်၊ အိုဖန်တရာ၊ စာနာတောင်ထု၊ မေရုတသိန်သို့၊ စိန်ဣန္ဒုညှာမယ်ကသာပင်၊ စေနာတပုံ၊ မုန်းမူတော်ကြုံသည်လို့၊ စုံစုံထွေရာ၊ မြမာလာငယ်၊ ပင်ကြာမြင့်ဖွား၊ မလှည့်စားပါနှင့်၊ ခုများဖြင့်လေ၊ မယ့်သက်ဝေကို၊ ယုံနိုင်လေရှာဘူးတဲ့ဘုရား။ ။

[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts