>
ကိုယ်ရေးကိုယ်တာ ဝှိုက်ဘုတ်
ကျော်သူမိုးမြင့်
ဇူလိုင် ၂၂၊ ၂၀၀၉
“စင်သီယာ”
လရောင်မှာ အမှန်တရားတွေ ဖျော်ရောင်းတဲ့
ကဖေး …
ပါရီကလို
Mr. ဂစ်တာလို
အနုပညာ များများစားစား
မရှိဘူး။
ရှိတယ်
ဝှိုက်ဘုတ်တချပ် ရှိတယ်။
ချစ်သူအတွက် ကဗျာတပုဒ်နဲ့
သိမ်မွေ့ချင်လား
လှတယ်။
မာန်မာန ဒေါသတွေနဲ့
ကုတ်ခြစ်မလား
ရတယ်။
အဆင်မပြေမှုတွေနဲ့လောကကို
စိန်ခေါ်ချင်လား
လုပ်လိုက်။
ယုံကြည်ရာများ လက်တို့
ရှေ့ဆက်ဖို့လား
လျှောက်လိုက်။
စင်သီယာဟာ
ကိုယ်ရေးကိုယ်တာတွေ ယူငှတဲ့
ဝှိုက်ဘုတ် တချပ်ပါ။
“အပူလား
အအေးလား
ဆေးလိပ် ခြင်းထဲမှာ”
အပြေးအလွှားအော်တဲ့ စားပွဲထိုးရဲ့
ဧည့်ကြို
ချိုစိမ့် ပေါ့စိမ့်
ကျစိမ့် ဖန်စိမ့်
ပုံမှန်
ချစ်ကောင်း ကျောက်ပန်းတောင်း
ဂိတ်ဆုံး
နှင်းဆီ စံပါယ်
စင်္ကာပူ လေးဖြူ
မတူဘူး၊ အရသာတွေ မတူတဲ့
လျှာတွေရဲ့ ကီးကို ခြောက်ကြိုးမက
တီးဆရာ့လက်နဲ့ ညှိပေးနိုင်တယ်။
အချစ်လား
အမုန်းလား
နေ့စဉ်ဖတ်ခဲ့ရ
ငေါင်နေကျ ထောင့်စားပွဲမှာ
ကျစိမ့်စိမ့် တငုံ
ငုံပြီးတိုင်း၊ ငါ့ရဲ့”ကျစိတ်”တွေ
ငြိမ်းချမ်းရေး
ဆေးပေါ့လိပ်ထဲထည့်ဖွာပြစ်တယ်
လေထဲ အလိတ်လိုက်
ပျံ့ပြယ်နေဆဲ မီးခိုးလှိုင်းတွေမှာ
သင်္ဘောတစင်း
ပြန်မပေးဘဲ အဆွဲခံထားရတဲ့ သင်္ဘောတစင်း
မြေပုံတခြမ်းနဲ့
ပင်လယ်ဖြတ် အမှောင်ခရီး
ဘယ်ကမ်းမှ မကပ်နိုင်သေး။
တနေ့
မီးပြတိုက် မြင်ရဖို့
ငါ့ လက်ကြားက အသက်ရှူကြပ်နေတဲ့
ဆေးပေါ့လိပ်ကို ခပ်ကြမ်းကြမ်း
ဖွာပြစ်လိုက်တယ်။
ငြိမ်းချမ်းရေးဟာ
မီး တရဲရဲနဲ့
စင်သီယာရဲ့ ဝှိုက်ဘုတ်ဟာလည်း
ကိုယ်ရေးကိုယ်တာတွေ မဟုတ်တော့ပြီ။
“မှန်အိမ်မှ
မီးဇာကို မြှင့်တင်ပါ” ။ ။
စင်သီယာ ကဖေးမှာ ကဗျာတွေအတူ ရေး၊ထုတ်ခဲ့ဖူးတဲ့
ကျောက်ဆည်တက္ကသိုလ် ကျောင်းသား/သူများသို့ … ၁၈၊ဇူလိုင်၊၀၉