>ေရၿေးၝင္းဴဖႃ – ဂဵန္န၀ၝရီေနာလိတ္

>

ဂျန်န၀ါရီနောလိတ်
ရွှေဒေါင်းဖြူ

ဖေဖော်ဝါရီ ၄၊ ၂၀၀၈

နအဖ အားကိုး ပုဆိန်ရိုးများ

နှစ်ကူး အစိုးရပေးတဲ့ ဘွဲ.စာရင်းထဲမှာ စက်တင်ဘာအရေးအခင်းတုန်းက စွမ်းအားရှင်တွေကို ငွေပေးပြီး လူတွေခေါင်းခွဲခိုင်းတဲ့ ဖိုးစိန်လမ်းက ဦးရဲအောင်က လူမှုထူးချွန် (ဒု)၊ သူ့မိန်းမ ဒေါ်ခင်လဲ့လဲ့ဝင်းက သုဓမ္မသိင်္ဂီရတာတွေကို တွေ့လိုက်ရတယ်။ ဒီ့ပြင်လည်း ရဲမှူးတွေ၊ စ သုံးလုံးတွေ၊ အကျဉ်းဦးစီးအရာရှိတွေ၊ မ ယ က တွေ စီမံထူးချွန် တွေ ရကြလေရဲ့။ လူမှုထူးချွန်မှာ ဘုန်းကြီးတွေ၊ ဈေးသည်တွေနဲ့ ဗေဒင်ဆရာတွေလည်း ပါပါသေးတယ်။အခါပေးလား၊ စွမ်းအားရှင်လား။ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီရတဲ့ တိုင်းရင်းဆေးက ညွှန်မှူး ဒေါက်တာ မြတ်မြတ်အုန်းခင်က ၀န်ထမ်းဘ၀နဲ့ ဘယ်လိုများ လှူတန်းနေပါလိမ့်။ မိဘအသိုင်းအ၀န်းက ချမ်းသာလို့ လှူတယ်ပြောလည်း ၀န်ထမ်းနဲ့ ဒီလိုဘွဲ့မျိုး မတင့်တယ်ပါဘူး။

ဆေးသိပ္ပံနဲ့ ကျန်းမာရေးဌာန ညွှန်ချုပ်တွေ စီမံထူးချွန် (ပ) တွေ ရကြပေမယ့် ဆေးကျောင်းသားတွေ၊ ဆရာဝန်တွေကတော့ ဘ၀ပျက်နေကြပါပြီ။ အမှတ်နည်းနည်းနဲ့ ပေါချောင်ကောင်းခေါ်တော့ စာမလိုက်နိုင်ကြ၊ ဆရာ – တပည့် – လူနာ အချိုးမမျှ၊ အလုပ်ပေးစရာ မရှိ၊ ရတော့လည်း လခက ၈ သောင်း၊ ကိုယ့်လောက် စာမတတ်တဲ့ စစ်ဗိုလ်က သိန်းကျော်ရတယ်။ ပြည်တွင်းမှာ လုပ်စားစရာ NGO ကလည်း နည်းပါးသမို့ အပြင်ထွက်တော့လည်း တရားဝင်ပေးမထွက်၊ ပတ်စ်ပို့မှာ ၉ တန်းအောင် လုပ်ပြီး ထွက်တော့လည်း အလုပ်ရဖို့မလွယ်၊ စာတွေ့ရော လက်တွေ့ပါ စံချိန်မမီတော့တဲ့ မြန်မာဆရာဝန်တွေကို ဘယ်နိုင်ငံမှ လွယ်လွယ်နဲ့ လက်မခံဘူး။

မေမြို့  မှာ ဆေးဝါးစက်ရုံဖွင့်ကတည်းက ဆေးသုတေသနက လူတွေ “ဘွဲ.”တွေ ရတော့မယ်လို့ ထင်ထားတာ ထင်တဲ့ အတိုင်းပဲ။ ဟိုတလောက ကလည်း ”အင်ရောင်း” ဆိုပြီး တရုံ ထပ်ဖွင့်သေး။ “အင်ရောင်း” မှတော့ ဆေးအစစ် ဘယ်ရမှာလဲ။ ဆေးစက်ရုံတွေသာ ဖွင့်နေတာ၊ ဆေးရုံပေါ်မှာ ဆေးမရှိလို့ လူတွေ တိုင်းရင်းဆေးနဲ့ ပြီးနေကြရတယ်။ နအဖရဲ့ သင်္ကြန်အမြောက်ကြီးတွေ၊ ဆင်ဖြူတော်ပရောဂျက်တွေပေါ့။

စီမံထူးချွန် (ပ) ရတဲ့ စီမံကိန်းဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေး ညွှန်ချုပ် ဒေါ်မျိုးနွယ် ဆိုတာ တခြားမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃ ၀မ်းပဲ ကွဲတဲ့ ညီမ၊ ပြီးတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရချိန်က ကံဖယ်လို့ လွတ်သွားပြီးနောက် လွှတ်တော်ဥက္ကဋ္ဌဘ၀နဲ့ သေတဲ့ ပျော်ဘွယ်ဦးမြရဲ့ သမီး၊ လေတပ်ဦးစီးချုပ်ဟောင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်သောင်းဒန်ရဲ့ ခယ်မ တော်တယ်။ အစိုးရအသက်ရှုချောင်အောင် ဒေါ်မျိုးနွယ် ဘာတွေများ အမှုတော် ထမ်းခဲ့ပါလိမ့်။


Civil Society လှုပ်ရှားမှု တခု (၀ါ) စာပေဆုများ

ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ ကြိုးပမ်းမှုနဲ့ အမျိုးသားစာပေဆုကို ပုခုံးချင်းတန်းနိုင်တဲ့ စာပေဆုတွေ ထွက်လာကြတဲ့အထဲမှာ ထွန်းဖောင်ဒေးရှင်း စာပေဆုလည်း ပါတယ်။ ပန်းချီဆုမှာ ရွေးတဲ့ကားတွေ မကြည့်ရလို့ မသိရပေမယ့် စာအုပ်ကတော့ ဖတ်ရလို့ ဝေဖန်နိုင်တယ်။

ဦးသက်ထွန်းနဲ့ ဦးသော်ကောင်း အမှူးပြုတဲ့ သမိုင်းကော်မရှင်သြဇာလွှမ်းလို့ သမိုင်းစာအုပ်တွေ ရတာ များတယ်။ “ခင်ခင်ထူးရဲ့ အညာသူ အညာသား စာအုပ်” ကတော့ လူမှုသမိုင်း၊ မနုဿဗေဒ လက်စွဲစာအုပ်တန်း ၀င်ပါတယ်။ ရသမှတ်တမ်းအနေနဲ့လည်း မှတ်ကျောက်တင်ခံနိုင်ပါတယ်။

မိုးမိုးတာရောစန် (ဗိုလ်မှူးကြီး ခင်မောင်အုန်း၊ ဖဆပလ ပြည်ထဲရေး ၀န်ကြီးဟောင်း ဗိုလ်ခင်မောင်လေး၊ ဗိုလ်ခင်ညိုတို့ရဲ့ ယောက်ဖ) ရေးတဲ့ စစ်ပညာသင် မှတ်တမ်းကြီးကတော့ စစ်ဝါဒဖြန့်ကျမ်းကြီးလား။

တမ္မ၀တီ ဦးဝင်းမောင် (န အ ဖ လက်စွဲ- နန်းတော်ဗိသုကာကြီး) ရဲ့ မြန်မာမှု သုတေသနစာ ကလည်း သုတေသန စနစ်သိပ်မကျပါဘူး။

အိုဂျီ “ဒေါက်တာစိုးလွင် ရဲ့ ဆရာဝန်စစ်စစ်ဖြစ်ချင်တယ”် ကလည်း “စာရေးဆရာစစ်စစ်” ဖြစ်အောင် လုပ်ရဦးမယ့် အရေးအသားမျိုးပဲ ဖြစ်တယ်။

မောင်ဝံသရဲ့ “အတ္ထုပ္ပတ္တိ အဘိဓာန်”က သူ မနှစ်ကရေးတဲ့ “သတင်းစာပညာလက်စွဲ”လို ပင်ကိုယ်ရေး ရည်ညွှန်းမဟုတ်ပါဘူး။

စာမူဆုရတဲ့ “မြန်မာမဏိပူရ စစ်သမိုင်း” ကိုတော့ မြန်မြန် ဖတ်ချင်ပါတယ်။ မနှစ်က ဆုရတဲ့ စာမူတွေ ထွက်လာတာတောင် မတွေ့ရသေးပါဘူး။

ကြယ်ပွင့်ကြီးများ ပြီးဆုံးခြင်း

မိုးမခ အဝေးကြည့်မှန်ပြောင်း ရေးတဲ့အထဲမှာ မနှစ်ကဆုးံတဲ့ နာမည်ကြီးတွေရဲ့ နာရေးတွေအကြောင်း weekly eleven က ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်တာနဲ့ စပ်လျဉ်းပြီး ထပ်ဖြည့်ချင်စိတ် ပေါက်လာပါတယ်။

ပြည်ပမှာ သေတဲ့ မြန်မာတွေထဲက UN အရာရှိဟောင်း ရစ်ချတ်ပေါ်ဦး (၀န်ကြီးဟောင်း ICS ဦးကျော်မင်း သမက်)နဲ့ ခေတ်ဟောင်းအဆိုတော် ဘိလပ်ပြန်သန်း (၉၉) နှစ် တို့ကို မမေ့သင့်ပါဘူး။

မြန်မာပြည် ပညာရေး၊ ဂီတနဲ့ အမျိုးသမီးသမိုင်းမှာ ဘိလပ်ပြန်သန်း ခေါ် (ဒိုရာ)သန်းဧ ဟာ မပါမဖြစ်ပါပဲ။ ဒီဖေဖော်ဝါရီ သူ့အသက် ၁၀၀ ပြည့်ကိုလည်း ထိုက်ထိုက်တန်တန် ဆင်နွှဲသင့်ပါတယ်။

မြန်မာအမျိုးသမီးတွေထဲက လန်ဒန်ကနေ ၁၉၃၀ ကတည်းက M.Ed. ဘွဲ့ရ၊ နိုင်ငံရေးသမားကြီးတွေရဲ့ ပုဂ္ဂိုလ်ရေး လေးစားမှုခံရ (ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု)၊ UN မှာ ပထမဦးဆုံး မြန်မာအရာရှိ၊ ဂန္ထ၀င်မြောက် ခေတ်ဟောင်းသီချင်း အဆိုတော် တယောက် ဘ၀ဟာ စိတ်ဝင်စားစရာပါ။

မြပန်းခွေ၊ လှေကလေး၊ ဆောင်းကတ္တီပါလို အချစ်သီချင်းတွေသာမက မိန်းမမြတ်၊ မိဖုရားစောလို အမျိုးသမီးသီချင်းတွေ ဆိုခဲ့သူ၊တချိန်တုန်းက ဘုရင်ခံဘေးမှာ ထိုင် မြန်မာရုပ်ရှင်ကြည့်ပြီး ဘာသာပြန်ပေးခဲ့၊ ဘိုဆန်တယ်လို့ နာမည်ကြီးခဲ့ပေမယ်. TTC ဆရာမဘဝမှာ သမဂ္ဂ ရန်ပုံငွေ ရုပ်ရှင်မှာ သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့။

ဗိုလ်ချုပ်အောင်ဆန်းဘိလပ်လာချိန်ကနေ ဒေါ်အောင်ဆန်းစုကြည် ဒီပဲရင်းမှာ အရိုက်ခံရချိန်အထိ နောက်ကနေ စိတ်ဓါတ်အင်အားနဲ့ ကြံ. ကြံ.ခံပေးခဲ့တဲ့ ဒီမိုကရက်တစ် လူအဖွဲ့အစည်း မြန်မာပြည်မှာ ထွန်းကားဖို့ ရည်သန်တဲ့ အနည်းစုသော အထက်လွှာက ဂုဏ်သရေရှိ အမျိုးသမီးတယောက်အနေနဲ့ပါ လေးစားသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ လူထုဒေါ်အမာတို့နဲ့အတူ ဒုတိယ တက္ကသိုလ်သပိတ် (၁၉၃၆) မှာ ဦးဆောင်ခဲ့တဲ့ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း၊ ဒေါက်တာဒေါ်ခင်မြ (၉၂) နှစ်လည်း စက်တင်ဘာ လဆန်းကပဲ ဆုံးပါတယ်။ ဗိုလ်လက်ျာရဲ့ မရီးပါ။

ဒီ့ပြင်လည်း ဒေါက်တာမောင်မောင်ကျော် (၈၂) နှစ်၊ ( နိုဝင်ဘာ ၁၈၊ ၂၀၀ရ မှာဆုံး)၊ ဆိုဗီယက်ပြန် ဥပဒေပါရဂူ၊ ဆုံးတာကို ဘယ်သူမှ သိလိုက်ဟန် မတူပါ။ ရန်ကုန်တက္ကသိုလ် ကောင်စီ ကျောင်းသားကိုယ်စားလှယ်၊ မြန်မာပြည်ရဲ့ နှစ်ဦးတည်းသာရှိတဲ့ ဥပဒေပါရဂူထဲက တယောက်၊ (နောက်တယောက်က ဒေါက်တာမောင်မောင်)၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါလို့၊ ၁၉၈၉ ခုနှစ်မှာ ၃ နှစ် အထိန်းသိမ်းခံရတဲ့အပြင်၊ မြန်မာကျောင်းသားလှုပ်ရှားမှုသမိုင်း ရေးသားရာမှာ ကူလို့ ၁၉၉၈ မှာ တနှစ်ကျော် အထိန်းသိမ်းခံခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒီလိုလူမျိုးတော့ အနောက်အုပ်စုက ဆုမပေးကြပါလား။

နောက် အောက်တိုဘာ ၂၈၊ ၂၀၀၇ မှာ ဆုံးတဲ့ ကမ္ဘာကျော် ဘိန်းဘုရင် ခွန်ဆာ (၇၄) နှစ်၊ (Times Magazine နှစ်ချုပ်မှာတောင် နာရေးပါသေး)၊ UWSA က မဟာဆန် (၆၁) နှစ် (အောက်တိုဘာ ၂၉က ချင်းမိုင်ဆေးရုံမှာ မူးယစ်မှုနဲ့ ထောင်အနှစ် ၂၀ ကျနေတုန်း ဆုံး) တို့ကိုလည်း ချန်မထားကြပါနဲ့။

မဆလ ပြည်ထဲရေး၊ သာသနာရေး ဒုဝန်ကြီးဟောင်း ဦးပေါ်သိမ်း (၈၄) နှစ်၊ ဒီဇင်ဘာ ၁၅၊ ၂၀၀၇ မှာ ဆုံးမှ၊ ဗိုလ်နေ၀င်း အိမ်စောင့်အစိုးရ ဒုဝန်ကြီးချုပ်ဟောင်း မသာသီရိသုဓမ္မသတိုးမဟာသရေစည်သူ ဦးလွန်းဘော်ရဲ့ သားမှန်း သိရတယ်။ စစ်မဖြစ်ခင်က ထားဝယ်က သခင်၊ အမတ်၊ စစ်အတွင်းနဲ့ လွတ်လပ်ရေး ရခါနီးမှာ ၀န်ကြီး၊ နောက် ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (အခု ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) လုပ်ခဲ့တဲ့ ဦးလွန်းဘော်သား ဆိုတော့လည်း ဂျပန်ခေတ် ပညာတော်သင်တို့၊ မဆလခေတ် ဒုဝန်ကြီးတို့ ဖြစ်တာ ဘာဆန်းလဲ။ မြန်မာပြည်မှာ အခွင့်အရေးတွေကို လူလက်တဆုပ်စာကပဲ ချယ်လှယ်နေတာ ခေတ် အဆက်ဆက်ပဲ။

သော်တာဆွေ ၀တ္ထုတွေထဲ ပါတတ်တဲ့ မန္တလေးက အမြွာပူး ရုပ်ရှင်သူဌေး ၀င်းမင်းဝင်း ညီအကိုထဲက ဦးကျော်ဝင်း (၉၆) နှစ်၊ နိုဝင်ဘာ ၉၊ ၂၀၀၇ မှာဆုံး။ ရန်ကုန် ဂလုပ် (ဂုဏ်) ရုံ၊ မန္တလေး ၀င်းလိုက်ရုံ ပိုင်ရှင်။

စာရေးဆရာ မောင်မောင် (ဥပဒေ) (၅၅) နှစ်၊ ဒီဇင်ဘာ ၂၃၊ ၂၀၀၇ မှာဆုံး ။ မန္တလေး မြို့မ သင်္ကြန်သီချင်းတွေအကြောင်း စာအုပ်ရေးသူ။

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ကထိက ဒေါ်ခင်မေ (၈၅) နှစ်။ အောက်တိုဘာ ၂၇၊ ၂၀၀၇ မှာဆုံး ။

စိတ်မကောင်းစရာ အသက်ဆုံးခဲ့ရတဲ့ ရန်ကုန်မြောက်ဥက္ကလာ ဆေးရုံကြီးက နှလုံးပါမောက္ခ ဦးအောင်ချိန် (၅၈) နှစ်။ စက်တင်ဘာ ၂၄၊ ၂၀၀၇ မှာဆုံး။ စတဲ့ ပုဂ္ဂိုလ်များကိုလည်း ထင်ရှားတဲ့ ကွယ်လွန်သူများအဖြစ် ဖော်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts