Naung Kyaw (နောင်ကျော်)

512701820_3206372752862728_1698054512989872727_n.jpg
535392827_10229404862691034_7367313512206215120_n.jpg
536684215_748817961274015_7221212475208168338_n.jpg
535471433_748817997940678_6385175089589188783_n.jpg
535464030_748818041274007_8239796713132104614_n.jpg
538112037_748818094607335_4956622465848592066_n.jpg
536226526_748818137940664_6585759945287491806_n.jpg
535517597_748818171273994_5295933203840325624_n.jpg
535220280_748818224607322_4808086754951262437_n.jpg
537490181_748818267940651_7800530559715817686_n.jpg
534983405_748818311273980_5876651695826413171_n.jpg
535235239_748818361273975_8520642765850711534_n.jpg
535389971_748818494607295_4594173375506187928_n.jpg
514259492_748818451273966_5403759968929274691_n.jpg
519057784_748818397940638_282540057967580384_n.jpg
536276511_10165890601179829_370544120326417368_n.jpg
535953436_1118044363602617_6134528925707209882_n.jpg
536267846_3416518038505052_7139176672326267236_n.jpg
537960452_749066424582502_8818946806751100542_n.jpg
536276511_10165890601179829_370544120326417368_n.jpg
537984260_1270766948393972_2874047545750875271_n.jpg
536004791_24268187766156104_2845665027878362505_n.jpg
531799980_24268186236156257_5513849501812157681_n.jpg
536451069_24268187762822771_7600266426821521118_n.jpg
538041825_2211971222649193_4217642053023212799_n.jpg
537627901_2211970535982595_7835773047669215614_n.jpg
535535604_2211971279315854_1975826949728296383_n.jpg
535402715_2211985605981088_840984999558030338_n.jpg
535991617_24433137822985278_6503310854507066917_n.jpg
536272438_24433185916313802_4547709233776170723_n.jpg
538129594_24433189859646741_3326998064369145045_n.jpg
536285407_24433193496313044_6359483693127799288_n.jpg
536537963_24433194932979567_629422759506585530_n.jpg
538996025_24433197006312693_8703328763093382424_n.jpg
537440352_24433199712979089_1660713745780689025_n.jpg
536503419_24433202289645498_4193361735234087388_n.jpg
536276293_24433204862978574_7525214605923859231_n.jpg
536278844_24433207722978288_4186989306418129922_n.jpg
538443229_24433210006311393_2032151173884604449_n.jpg
536286167_24433211702977890_4835793591415821709_n.jpg
539134809_24433214266310967_4251392343820104406_n.jpg
536286270_24433216279644099_8505166377591339078_n.jpg
536283727_24433218329643894_2940751509654216252_n.jpg
536279071_24433220762976984_2057114738680330063_n.jpg
539099529_24433222176310176_7813491130937392813_n.jpg
536496965_24433225422976518_3631782180436217756_n.jpg
536467343_24433228212976239_42394171506594722_n.jpg
538285063_24433231909642536_5694521135016389641_n.jpg
538083541_24433234249642302_2141622138223454230_n.jpg
536529092_24433236549642072_153505695987810354_n.jpg
537479746_24433239649641762_7061806700912691201_n.jpg
538338198_24433242076308186_8554152135856098541_n.jpg

Person Item Type Metadata

Birth Date

Death Date

21st August 2025

Biographical Text

======================

Cartoon Win Aung writes :

သူငယ်ချင်းနောင်ကျော်
သူနဲ့ကျနော် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး
မန္တလေးသီးသန့်အကျဥ်းထောင်မှာ စတင်ဆုံဆည်းခဲ့တယ်။သူက ရန်ကုန်အင်းစိန်ထောင်က ထောင်ပြောင်းလာတာပါ။(၄)ဆောင်ကနေ နောက်ဆုံး ကျနော်လွတ်ခါနီး (၁)တိုက်ထိ ၅နှစ်ကျော်ကြာ အတူနေခဲ့ရတယ်။စာပေအနုပညာသမားချင်းဆိုတော့ ပိုပြီးပြောဖြစ်ဆိုဖြစ် ပေါင်းသင်းဖြစ်တယ်။ပြီးတော့ သူ့သူငယ်ချင်းတွေက ကျနော့်သူငယ်ချင်းတွေဖြစ်နေတယ်။လူငယ်ဘဝ(၁၉၈၂)ခုနှစ် မန္တလေးကနေ ရန်ကုန်စာပေလောကထဲကို မိုက်မိုက်ကန်းကန်းခုန်ဆင်းခဲ့တယ်။အဲတုန်းက ဆရာတင်မိုးနဲ့ဆရာမောင်စွမ်းရည်တို့ရှိရာ ရန်ကုန်တက္ကသိုလ်ထဲကို အမြဲရောက်ဖြစ်တယ်။ဆရာတွေနဲ့အတူ တက္ကသိုလ်ဝင်းထဲက တောင်ငူဆောင် တောင်ပိန္နှဲပင်အောက်က လက်ဖက်ရည်မှာထိုင်ဖြစ်ခဲ့တယ်။ မောင်သာချို၊ဇောင်းထက်၊Kမြိုးတို့နဲ့ ရင်းနီးခင်မင်ခဲ့ရတယ်။နောက်ပိုင်းKကြီးနဲ့ကျနော် ခရမ်းပြာဆောင်မှာ အတူနေဖြစ်တယ်။အဲဒီကစပြီး မောင်သာချိုတို့နဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေဖြစ်ခဲ့တယ်။
ထောင်ထဲမှာ အဲဒီအကြောင်းတွေ သူ့ကိုပြောပြပြီး "အဲဒီတုန်းက ခင်ဗျားနဲ့ကျနော် ဘယ်လိုလွဲနေမှန်းမသိဘူး"လို့ပြောတော့ သူကရယ်ပြီး"လွဲခဲ့လို့ခင်ဗျား(၇)နှစ်ပဲကျတာပေါ့ အဲဒီတုန်းကသာ သိခဲ့ရင် ကျနော့်လို အနှစ်(အနှစ်၂၀)ကျမှာ"တဲ့။သူက လူမှုဆက်ဆံရေးမှာ ပျော့ပြောင်းသလောက် ရပ်တည်ချက်သဘောထားနဲ့ပတ်သက်လာရင် ခိုင်မာပြတ်သားသူ။ သူ့ယုံကြည်ချက်ကို အထိခိုက်မခံဘူး။ဒါကြောင့် ထောင်တွင်းဖြတ်သန်းမှုက ကြမ်းတမ်းခဲ့တယ်။ကျန်းမာရေးလည်း ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရတယ်။သူနဲ့ သီးသန့်(၁)တိုက်မှာ တခန်းထဲအတူနေရင်း ကျနော်လွတ်မြောက်ခဲ့တယ်။။ကျန်းမာရေးယ်ို့ယွင်းနေတဲ့ သူ့ပုံစံကိုကြည့်ပြီး ကျနော်မပျော်နိုင်ခဲ့ဘူး။သူနဲ့ ကိုယ့်ရဲဘော်တွေကို နှုတ်ဆက်ပြီး ဗူးဝအပြင်ရောက်လာတော့ မျက်ရေကျမိတယ်။ကိုယ်တယောက်ထဲ လွတ်လာတာ မတရားဘူးလို့ခံစားရတယ်။ဒီလိုနဲ့ နှစ်အတန်ကြာတော့ သူလွတ်လာတယ်။အဲဒီကာလက တိုက်ခန်းတခန်းလုံး ကျနော်တယောက်ထဲနေတယ်။အခန်း၃ခန်းပါတယ်။တခန်းကို သူလွတ်လာရင်နေဖို့ စီစဥ်ထားတယ်။သူအေးအေးဆေးဆေး အနားယူနေထိုင်နိုင်အောင်ပါ။သူလွတ်လာတော့ ကျနော်နဲ့လာနေပါတယ်။ကျနော်နဲ့နေရတာ သူပျော်ပါတယ်။ မနက်လင်းလာရင် သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင် စျေးဝယ် ချက်ပြုပ်နဲ့ပေါ့။သူဖတ်ချင်တဲ့စာအုပ်ဖတ်၊သူကြည့်ချင်တဲ့ ဗွီဒီယိုကြည့်နဲ့။တနှစ်ကျော်နေခဲ့တယ်။သူ့အိမ်ပြန်လည်း ခဏတဖြုတ်ပဲ။ဒေါက်တာတင်စံဦးကလည်း ကျနော့်အိမ်ကို တပတ်ကို တရက်၊တခါတလေနှစ်ရက်လာအိပ်တယ်။ သူ့ကိုလည်း ဆေးစစ်။ကာရာအိုကေဆိုကြနဲ့ပေါ့။ပျော်စရာကာလလေးတွေဖြစ်ခဲ့တယ်။ခုတော့ လွမ်းစရာဖြစ်ခဲ့ပြီ။ထောင်ကထွက်လာပြီး နောက်ဆုံးကွယ်လွန်သွားတဲ့အချိန်ထိ အဆက်မပြတ်ခဲ့ဘူး။ခုလို ရုတ်တရတ်ကြီး မထင်မှတ်ပဲဖြစ်သွားတာက တုန်လှုပ်ကြေကွဲစရာကြီး။မောင်သာချိုကမှ ဆုံးမှာကို ကြိုသိရသေးတယ်။မတရားတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ တရားတော့မကျဘူး။တရားလည်းမရဘူး။ဘဝမှာ ချစ်ခင်တန်ဖိုးထားရဆုံး သူငယ်ချင်းတယောက် ဆုံးရှုံးကွယ်ပျောက်သွားတာကတော့ ဘယ်လိုမှ ဖြေလို့မရအောင် ထိခိုက်ကြေကွဲရတယ်ဆိုတာ ပြောစရာစကားမရှိအောင်ပါပဲ။
======================

Lu Thar Man Write:

" မနက်လေးနာရီထိုးကြီး ခုတင်ပေါ်က ပြုတ်ကျပြီး ဆုံးတယ်ပြောတာပဲ။ သွေးတိုးပြီး ဦးနှောက်သွေးကြောပြတ်တာ။ သူက တစ်ယောက်တည်း နေတာ " လို့ ဆရာ့သတင်းကို ဖတ်ရတယ်။ ဝမ်းနည်းစရာပဲ။
သူ့ကိုယ်ကျင့်တရားကြောင့် ဆရာ့မှာ မိတ်ဆွေရင်း မိတ်ဆွေကောင်းတွေ ရှိတယ်။ ဒါပေမဲ့ ရှစ်လေးလုံးအရေးတော်ပုံအပြီး၊ ၁၉၈၉ မှာ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၅(ည)၊ ၁၇(၂) နဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံရတဲ့၊ အကျဉ်းထောင်ထဲ ၁၄ နှစ်လောက် နေထိုင်ခဲ့ရတဲ့၊ ၂၀၀၃ မှာ ဘဝတက္ကသိုလ်က ထွက်လာပြီး မိတ်ဆွေတွေ ရှောင်ဖယ်တဲ့ဒဏ် ခံခဲ့ရသူမို့ တစ်ယောက်တည်းလည်း နေသားကျနေသူ ဖြစ်နိုင်တယ်။ ရသစာတွေအရတော့ အင်မတန် အလွမ်းအဆွေးသန်သူတစ်ဦးဖြစ်တာ တွေ့ရတယ်။
ဆရာရေးခဲ့တဲ့စာအုပ်တွေထဲ ➖
နရသိန်မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ထောင်အတွေ့အကြုံတွေကို စုစည်းထားတဲ့ 'နေရစ်တော့ မ​န္တလေးထောင်' (၂၀၁၂၊ ပကြိမ်၊ လင်းသစ်ရောင်စဥ်)၊
ဗမာ့သမိုင်းမှာ ခွပ်ဒေါင်းကို သတ်ချင်တဲ့၊ သတ်ခဲ့တဲ့ အစိုးရတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ သေခဲ့ကြပါပြီ။ ခွပ်ဒေါင်းကတော့ အခုထိ အသက်ဝင် ရှင်သန် အားမာန်အပြည့် ရှိနေတုန်းလို့ ကြွေးကြော်ရေးသားထားတဲ့ 'လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း' (၂၀၁၃၊ ပကြိမ်၊ ဝတ်မှုန်မိုး)၊
ရသစာတမ်း ၂၉ ပုဒ်ကို စုစည်းထားတဲ့ 'နှလုံးသားမှာ နှင်းများ လာရိုက်ခတ်'(၂၀၁၄၊ ပကြိမ်၊ တိုးမြစ်)၊
တက္ကသိုလ်နောက်ခံ စကားပြေအရေးအသားနဲ့ အက်ဆေး ၁၈ ပုဒ်ကို စုစည်းထားတဲ့ 'တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့' (၂၀၁၄၊ ပကြိမ်၊ နှစ်ကာလများ)၊
ငြိမ်းချမ်းရေးအတွေးအမြင်တွေ စုစည်းထားတဲ့ 'ချိုးကူသံလေးကို မလွမ်းဘူးလား အမေ' (၂၀၁၆၊ ပကြိမ်)၊
တစ်ခါတုန်းက နှင်းဝတ်မှုန်မိုး' (၂၀၁၇၊ ပကြိမ်၊ စာနဒီ)၊
သခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာ၊ ရွှေဥဒေါင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တိုက်စိုး၊ သိန်းဖေမြင့်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ညိုမြ၊ သာဓု၊ သခင်ဝတင်၊ မန်းဝင်းမောင်၊ သခင်နက်ဖေ၊ ကြည်အောင်၊ မောင်ဝံသ၊ ဇော်ဇော်အောင် စတဲ့ ပုဂ္ဂိုလ်ကျော်တွေရဲ့ စာပေအယူအဆ၊ နိုင်ငံရေးအမြင်နဲ့ လောကအမြင်တွေကို ခြယ်မှုန်းထားတဲ့ 'သမိုင်းတွင်တဲ့သူ၊ သမိုင်းဝင်တဲ့လူ' (၂၀၁၈၊ ပကြိမ်၊ တိုးမြစ်)၊
ဒဂုန်တာရာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ 'သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကို ရှာကြည့်မိ'(၂၀၁၉၊ ပကြိမ်၊ တိုးမြစ်)၊
'တောင်ပံခတ်သံတွေရဲ့အတွေးရသများ' (လင်းသစ်ရောင်စဥ်)၊
ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ' (လင်းသစ်ရောင်စဥ်)၊
ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဝှက်ဖဲ' (Global Peace Group)
ဘာနိုင်ငံရေးသမားလဲနှင့် အခြားဆောင်းပါးများ (၂၀၁၈၊ ပကြိမ်၊ အရှေ့ကြယ်စာပေ)
စာအုပ်တွေကို ဖတ်ဖို့ ညွှန်းပါတယ်။

'ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ' စာအုပ်ရဲ့ စကားဦးမှာ ဆရာဖော်ပြခဲ့တဲ့ဖြစ်ရပ်တစ်ခုက ဒီလို ... ။
" စာတမ်းဖတ်ပွဲရက် နီးလာချိန်တွင် စာပေဗိမာန်မှ အယ်ဒီတာတစ်ယောက်က ဖုန်းဆက်ချိန်းပြီး ကျွန်တော်နေသည့်နေရာသို့ စာအိတ်ကြီးတစ်အိတ် လာပေးသည်။ 'လူကြီးမင်း၏စာတမ်းသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆသောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင်များနှင့် သဘာပတိအဖွဲ့ဝင်များက ဝမ်းနည်းစွာ ဆုံးဖြတ်ခဲ့ကြောင်း' ဟူသော ဝါကျပါရှိသည့် အကြောင်းပြန်ကြားစာနှင့် စာတမ်းစီဒီချပ်တို့ ပါဝင်သည့် စာအိတ် ဖြစ်သည်။
နောက်ရက်တွင် ကော်မတီဝင်တစ်ဦး (နာမည်မပြောတော့ပါ) က သူတို့ကော်မတီကို နားလည်မှုလွဲမှာ စိုးသောကြောင့်ဟု ဆိုကာ ဖြစ်စဉ်ကို ဖုန်းဆက်ရှင်းပြသည်။ သူပြောတာကို နားထောင်ပြီးသောအခါ ကျွန်တော်က " မူတွေ၊ ဘောင်တွေသတ်မှတ်ထားတာ မသိခဲ့ဘူး။ ကော်မတီက ရွေးချယ်မှ အတည်ပြုမယ်ဆိုတာလည်း မသိခဲ့ဘူး။ အဲဒါတွေ သိခဲ့ရင် ကျွန်တော် မရေးပါဘူး။ နောက်ပြီးတော့ မူလသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်ကနေ 'နိုင်ငံရေး'ဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်လိုက်တော့ ကျွန်တော်တို့စာတမ်းတွေ ပယ်ဖို့ အကျုံးဝင်သွားတာပေါ့။ ကျွန်တော့်ကို တောင်းလို့၊ ဆင်ဆာမရှိဘူးပြောလို့ ရေးပေးခဲ့တာ။ ဘယ်အစိုးရနဲ့မှ ပတ်သက်ချင်တာမဟုတ်ဘူး " ဟုပဲ ပြန်ပြောလိုက်သည်။
ဤကိစ္စအတွက် မီဒီယာတွေက အင်တာဗျူးမည့်အကြောင်း လှမ်းပြောတော့ ကျွန်တော့်ထုံးစံအတိုင်း ရှောင်လို့ရသမျှ ရှောင်ခဲ့သည်။ မလွှဲမရှောင်သာ ပြောရသည့်အခါတွင်လည်း များများစားစား မပြောခဲ့ပါ။ " ဒီကိစ္စဟာ အရပ်သားအစိုးရရဲ့နိုင်ငံရေးပုံရိပ်ကိုတော့ ထိခိုက်စေခဲ့တာပဲ " ဟုသာ အဓိကထား ပြောဖြစ်ခဲ့သည်။ (၁၅၊ ဒီဇင်ဘာ၊ ၂၀၁၆)
ဒီကနေ့ ၂၁၊ သြဂုတ်၊ ၂၀၂၅ မှာ အသက် ၆၉ နှစ်နဲ့ ဆရာ ကွယ်လွန်တဲ့သတင်း ဖတ်ရတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ညွှန်းခဲ့ဖူးတဲ့ ဖတ်ညွှန်းဟောင်းလေးတစ်ပုဒ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

" စာပေဝေဖန်ရေးတွင် ခံစားပြခြင်းနှင့် တန်ဖိုးဖြတ်ခြင်း ဟူသော အဓိကအလုပ်ကြီးနှစ်ခု ရှိသည်ဟု မှတ်သားခဲ့ဖူးသည်။ ယခုဆောင်းပါးများသည် ခံစားပြသော၊ ကိုးကားပြီး စဥ်းစားကြည့်သော စာမျိုးသာဖြစ်ပြီး ကျွန်တော့်ဘဝအတွေ့အကြုံထဲက ရသော အသိအမြင်၊ ခံစားမှုတို့နှင့် ရောသမရေးထားခြင်းသက်သက်ဖြစ်၍ စာပေဝေဖန်ရေး မဟုတ်ပါ။ စာညွှန်းဆောင်းပါးအမျိုးအစားလည်းမက၊ ဝေဖန်ရေးလည်း မကျသော ဆောင်းပါးများသာ ဖြစ်သည်။ အားလုံးနီးပါးမှာ ကျွန်တော့်စိတ်နှင့် တွေ့သော စာအုပ်များဖြစ်ပြီး ကျွန်တော့်ထက် ငယ်သော စာဖတ်ပရိသတ်တွေ ဖတ်စေချင်၍ ရည်ညွှန်းရေးသားခဲ့ခြင်းလည်း ဖြစ်သည်။
ဤဆောင်းပါးတွေကို တချို့က ကြော်ငြာဆောင်းပါးဟု ထင်ကြ၊ ပြောကြခြင်းအပေါ်မှာလည်း ကျွန်တော် ဘာမှမပြောလိုပါ။ တချို့စာအုပ်များအပေါ် ပြင်းထန်သောမှတ်ချက် ပေးနိုင်စရာရှိသော်လည်း ထောက်ပြရုံပဲ ထောက်ပြခဲ့တာမျိုးကို ဖတ်ဖူးသူတွေ သတိပြုမိကြမည် ထင်သည်။
စာပေနယ်တွင် ဘယ်သူ့ကိုမှ ရန်သူလို သဘောထားပြီး သဲသဲမဲမဲ တိုက်ခိုက်ထိုးနှက်ဖို့သဘောထား မရှိပါ။ စာပေသမားအများစုနှင့် နားလည်ညီညွတ်ခြင်းကိုပဲ တောင့်တပါသည်။ ဤသဘောထားဆန္ဒနှင့် ပတ်သက်၍ အဓိကအကြောင်းကတော့ ကျွန်တော့်မှာ နိုင်ငံရေးအရ ရန်သူဟု သတ်မှတ်ထားရှိပြီးဖြစ်သလို ကျွန်တော့်ကိုလည်း ရန်သူဟု စာရင်းသွင်းသတ်မှတ်ထားသူများက ရှိနှင့်ပြီးသားဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ "
'စာအုပ်တွေနဲ့ စကားပြောတဲ့အမှာစာ'မှာ ဆရာနောင်ကျော်က ဖော်ပြထားသူ သုံးဦး ရှိတယ်။ တစ်ဦးက ဗညားသီဟ။ ဆရာကြီးဒဂုန်တာရာပေါ့။
ဗညားသီဟရဲ့စာအုပ်ဝေဖန်ပုံကို " ဝေဖန်သော စာအုပ်အကြောင်းကို တိုက်ရိုက်မပြောဘဲ သမိုင်းဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ အခင်းအကျင်းများဖြင့် အိုင်ကျင်းဖွဲ့ပြီးမှ မှတ်ချက်တစ်ခုခုပေးသော ဝေဖန်ရေးပုံစံ " လို့ ဆရာနောင်ကျော်က ရှုမြင်ပြထားတယ်။
နောက်၊ မြန်မာစာအဓိက ကျောင်းသားဘဝမှာ စာ အတော်ဖတ်ပြီး အတတ်ပညာသဘောကို စူးစိုက်လေ့လာနေတဲ့ နည်းပြဆရာ ဦးသီဟအကြောင်းနဲ့၊ မြန်မာဝတ္ထုရှည် ဆယ်ပုဒ်ကို ဖန်တီးမှုအတတ်ပညာရှုထောင့်ကနေ လေ့လာရေးသားပြီး မဟာဝိဇ္ဇာကျမ်းတင်ခဲ့သူ နည်းပြဆရာ ဦးဝင်းမောင်အကြောင်းကို နည်းနည်း ဖော်ပြထားတယ်။ (ဆရာဦး​ဝင်းမောင်(သော်ထွန်း) က လူသာမန်ကို တော်တော် ဂရုစိုက်တဲ့ ဆရာပါ။ အပြင်မှာ တွေ့ဖူးဆုံဖူး အိမ်ရောက်ဖူး၊ စာအုပ်လက်ဆောင်တွေ အပြန်အလှန် ပေးဖူးပါတယ်။ သူ လူငယ်ဘဝ စာပေဝေဖန်ရေးမှာ စကားပြင်း စကားကြမ်းတွေ ပါခဲ့ဖူးပုံကို ရင့်ကျက်လာတော့ ရှောင်လိုက်ပုံ၊ ဆရာမောင်ခင်မင်က ဆုံးမစကားပြောတာ ခံယူရပုံတွေ အပြင်မှာ ပြောပြဖူးတယ်။ တကယ့် မြန်မာစာဆရာကောင်းတစ်ယောက်ဖြစ်တာကို သူ့ပို့စ်တွေမှာ နေ့စဥ် တွေ့မြင်ရပါတယ်။)
" အတတ်ပညာသဘောကို ကျမ်းအနေဖြင့် ရေးခဲ့သော်လည်း စကားဝိုင်းတွေမှာတော့ ခံစားမှုပေးနိုင်အောင် ဘယ်လိုရေးထားသလဲဆိုတာကို ထောက်ပြ၊ ခံစားပြတတ်သည်။ ဦးသီဟက အတတ်ပညာနှင့် စာထဲက အလှအပအကြောင်း ပြောတတ်၍ ဦးဝင်းမောင်က အတတ်ပညာနှင့် စာထဲက ခံစားမှုအကြောင်း ပြောတတ်သည်။ သူတို့နှစ်ယောက်ချင်းလည်း မကြာခဏ လက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးတတ်ပြီး ကျွန်တော်ကလည်း ထိုဝိုင်းထဲတွင် ရှိနေတတ်သည်။ "
အမှာစာမှာ ပုဂ္ဂိုလ် သုံးဦးကို ဆရာနောင်ကျော် ယခုလို တခုတ်တရ ဖော်ပြခြင်းဟာ စာအုပ်တွေနဲ့ စကားပြောခြင်း ဆောင်းပါးတွေအတွက် လိုအပ်တဲ့ အတတ်ပညာနဲ့ ခံစားရှုမြင်ပုံတချို့ကို ထိုပုဂ္ဂိုလ် သုံးဦးဆီကနေ ​ထောက်ကူမှုရခဲ့တဲ့သဘောလို့ ကျွန်တော် ယူဆမိပါတယ်။
ဒီစာအုပ်ထဲမှာ မူဆိုလီနီ၏ နောက်ဆုံးနေ့ရက်များ၊ ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ၊ ပါရီမီးလောင်ပြီလား၊ ပညာရှင်များနဲ့ ငြင်းခုံခြင်း၊ ငါးနှစ်ရာသီ ဗမာပြည်၊ သခင်တင်မြနှင့် တွေ့ဆုံခြင်း၊ ဟင်နရီ ကစ်ဆင်ဂျာကို စွဲချက်တင်လိုက်ခြင်း၊ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ဟစ်တလာလုပ်ခဲ့သမျှ၊ ဒို့လမ်း၊ မာခ်ဆဇ္ဇင်းမ်ဆိုတာ ဘာလဲ၊ ဗမာတွေ ဘာလုပ်ရမလဲ၊ အိမ်ဖြူတော်, ကရင်မလင်ဝင်ရိုးတန်း, စစ်အေးခေတ်ဇာတ်သိမ်းခန်း၊ နိုင်ငံရေးယဥ်ကျေးမှု ဂလိုဘယ်လိုက်ဇေးရှင်း ဆူးခင်းလမ်း၊ နှစ်ကျွန်းပြန် သံမဏိနှစ်ဦး၊ တက္ကသိုလ်နှင့် စာပေသီအိုရီ၊ ဘဝအမြင်သစ် စတဲ့ စာအုပ် ၁၅ အုပ်အကြောင်းကို ဖတ်ရှုရပါတယ်။
#သဘောတူရင်လက်ခုပ်တီးဖို့မမေ့ပါနဲ့
(စာအုပ်များနဲ့ စကားပြောခြင်း)
နောင်ကျော်
၂၀၁၅၊ ဖေဖော်ဝါရီ၊ ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
၂၅၀၀ ကျပ်
ဇင်ရတနာစောစာပေ
#လူသာမန်
2.2.2015; 7:38 pm
မှတ်မှတ်ရရပါပဲ။ ဒီစာအုပ်အကြောင်းကို ၃၇ လမ်းက ဘီယာဆိုင်တစ်ဆိုင်မှာ ဆရာလင်းထင်နဲ့ သေသေချာချာ ဆွေးနွေးခဲ့ဖူးတယ်။ ကိုရဲမွန်ထောလည်း ပါတယ်။ ဆရာမောင်တင်ဆင့်ရဲ့ ကွယ်လွန်သက် ငါးနှစ်ပြည့်ပွဲမှာ ကျွန်တော် အခမ်းအနားမှူးလုပ်ပေးပြီး အပြန်ပေါ့။ " မင်းစာတွေ ငါဖတ်ရတော့ လူသာမန်ဆိုတာ ငါတို့နဲ့ ရွယ်တူထင်နေတာ " လို့ ဆရာလင်းထင်က ပြောတယ်။ ညနေဘက်ပေါ့။ (အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဆရာထက်မြက်ကလည်း အဲဒီလိုပြောခဲ့ရဲ့။) နောက် ဖေ့စ်ဘွတ်အကောင့်မေးပြီး လာအပ်တယ်။ နိုင်ငံရေးစာပေစာတမ်းစာမူတောင်းပြဿနာအကြောင်း ဆရာလင်းထင်ပြောပြတာ နားထောင်ခဲ့ရတယ်။
======================

Maung YIT & MoeMaKa Group wrote:

စာရေးဆရာ နောင်ကျော် (ကိုဌေးသိန်း) ယနေ့ ရန်ကုန်အချိန်မှာ ဆုံးသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
မိုးမခ၏ စာပေမိတ်ဆွေ၊ နိုင်ငံရေးမိတ်ဆွေတဦး ကွယ်လွန်ရသည့်အတွက် ကျန်ရစ်သူ မိတ်ဆွေများ မိသားစုများနဲ့အတူ ဝမ်းနည်းကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ခင်လွန်း
မောင်ရစ်
မိုးမခစာပေမိသားစု
(ဩဂုတ် ၂၀၊ ၂၀၂၅)
Naung Kyaw
======================
Irrawaddy Media News :

စာရေးဆရာ နောင်ကျော် ကွယ်လွန်
ဧရာဝတီ၊ ဩဂုတ် ၂၁၊ ၂၀၂၅
နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်သည် ယနေ့နံနက်က ရန်ကုန်မြို့ နေအိမ်၌ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝန်းမှ သိရသည်။
ဆရာဦးဌေးသိန်းသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာမောင်သာချို၊ ကဗျာဆရာ ဇောင်းထက်တို့နှင့် မဟာဝိဇ္ဇာတန်းတက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်က နည်းပြ တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုသို့ တာဝန်ထမ်းနေစဉ် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သည်ဆိုကာ ထောင် ၁၂ နှစ် ချခံခဲ့ရသည်။
ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်အာဏာသိမ်းပိုက်ရေး လှုပ်ရှားမှုများဆိုကာ နဝတ စစ်အစိုးရမှ ထုတ်ဝေသည့် စာအုပ်တွင် အမှတ်စဉ် ၂၀ နေရာမှ ဖော်ပြခံရပြီး ၁၉၈၇ ခုနှစ်တွင် ဗကပခေါင်းဆောင် ကလာပ်စည်းဖြစ်သူ ဒေါက်တာ ဇော်မင်း၏ စည်းရုံးခြင်းခံရပြီး လက်ဝဲ အယူအဆကို ယုံကြည်သူတဦးဖြစ်ကြောင်း၊ ထို့နောက် ကျွန်းပြန် ဦးတင်အောင် (အန်ကယ်ကြီး)နှင့် ဆက်သွယ်ပြီး ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်လာကြောင်း ၁၉၈၈တွင် ဗကပ ကလာပ်စည်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ကိုညိုထွန်း(ဗကသ အတွင်းရေးမှူး)၊ ဗကသ အလုပ်အမှုဆောင် ကိုတင်အေးတို့မှာ အစုအဖွဲ့ဝင်များဖြစ်ကြောင်း၊ ၁၉၈၈ မတ်လ၊ ဇွန်၊ သြဂုတ် အေးအခင်းတွင် အန်ကယ်ကြီး ဦးတင်အောင်၏ ညွှန်ကြားချက်များဖြင့် စာရွက်စာတမ်းဖြန့်ခြင်းလုပ်ခဲ့ပြီး သြဂုတ်အရေးအခင်းတွင် အထွေထွေသပိတ်ကော်မတီ ဖြစ်လာသည်။
ထောင်မှ ထွက်လာပြီးနောက် စာအုပ်များရေးသာရာ "တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့" စာအုပ်မှာ ထင်ရှားသည်။
စာရေးဆရာ နောင်ကျော်သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဝှက်ဖဲ၊ စာရေးသမား တယောက်ရဲ့ ဘဝအိမ်၊ ချိုးကူသံလေးကို မလွမ်းဘူးလား အမေ၊ နှလုံးသားမှာ နှင်းများ လာရိုက်ခတ်၊ တောင်ပံခတ်သံ တွေရဲ့ အတွေးရသများ အစရှိသော စာအုပ်များအပြင် ၀တ္ထုတိုများစွာလည်း ရေးသားခဲ့သည်။
ဓာတ်ပုံ- Naung Kyaw
======================
Aung Way wrote :

တောင်ပိန္နဲပင်စောင့်နတ်
ကျနော်တို့သေရင် တောင်ပိန္နဲပင်စောင့်နတ်ဖြစ်မည်။ ကျနော့်အမြင်မမှားဘူး
ဆိုလျှင် ကိုဌေးသိန်းလည်း တက္ကသိုလ်
ကိုအစွဲအလမ်းကြီးသူတွေထဲမှာပါသည်။
ကျနော် ကိုဌေးသိန်းနဲ့ ၁၉၈၂၊ ရန်ကုန်
တက္ကသိုလ်၊ မြန်မာစာဌာနမှာစတွေ့
သည်။ မောင်သာချို၊ ဇောင်းထက်၊ မေစာ၊ ကိုဌေးသိန်းတို့နဲ့ကျနော်တစ်ခန်း
တည်းအတူတက်ရသော်လည်းမတူ။
သူတို့ကဂုဏ်ထူးတန်း၊ ကျနော်က မဟာ
ဝိဇ္ဇာနောက်ဆုံးနှစ်။ မတူ။ သို့သော် ပို့ချသည့်ဆရာ၊ ဆရာမတွေကတော့တူသည်။ ပါမောက္ခ-ဌာနမှူးဒေါ်စီစီဝင်း
လက်ထက်။ ဒီတုန်းကကိုဌေးသိန်း စာ
မရေးသေးဘူးထင်သည်။ နောင်ကျော်
မဖြစ်သေး။ (မှားလျှင်ပြင်ပါ) နောက်
တော့ ကျနော် ကံ့ကော်တောနှင့်ဝေးရသည်။ ရှစ်လေးလုံးအရေးတော်ပုံ
ကြီးဖြစ်လာသည်။ ကျူတာပေါက်စ
ကိုဌေးသိန်း နရသိန်ထဲရောက်သွားသည်။ ကျနော်လည်းရောက်သွားသည်။
၁၉၉၁ ကျနော်ထောင်ကပြန်လွတ်လာတော့ ကိုဌေးသိန်းမလွတ်သေး။ မောင်သာချို မိတ္ထီလာကိုလွင့်သွားသည်။
ဇောင်းထက်ရုပ်ရှင်မင်းသားဖြစ်လာပြီး
မြစ်ကြီးနားတက္ကသိုလ်မှာ ငှက်ဖျားပိုးဦးနှောက်ထဲရောက်လို့ဆုံးရသည်။ နောင်နှစ်အတန်ကြာမှ ကိုဌေးသိန်းပြန်လွတ်
လာသည်။ သူပြန်လွတ်လာတော့ A star is born: နောင်ကျော်ဖွားမြင်လာခဲ့သည်။ ဖီလိုဆိုဖီက ကိုဌေးလွင်(ထွန်း
ဇော်ဌေး)လည်း နောင်ကျော်နဲ့အတူ
ဖြစ်မည်။ ထင်သည်။ နောက်ပိုင်းအချိန်
တွေမှာ ကိုဌေးသိန်းကို ဆရာနောင်ကျော်
လို့ပဲ ကျနော်ခေါ်သည်။ ရန်ကုန်တက္က
သိုလ်၊ တောင်ပိန္နဲပင်အောက်မှာ ကျနော်
တို့ချည်တိုင်တွေရှိသည်။ ကျနော်တို့
သည် မြသီလာအချစ်သမားတွေမဟုတ်လား။ တက္ကသိုလ်ဆိုတာ ကျနော်တို့
အဖို့(နရသိန်နဲ့ယှဥ်ရင်)လွတ်လပ်အိမ်ပါပဲ။ ကျနော်တို့ရှေ့ကကြယ်တာရာများ
လည်းထို့နှယ်။ ရန်ကုန်တက္ကသိုလ်မှာ
ဆရာအောင်ပြည့်၊ ဆရာငြိမ်းကျော်တို့
တက္ကသီလာသံယောဇနာကြီးလွန်းလှ
သည်။ မန္တလေးတက္ကသိုလ်အတွက်ဆို
လျှင် ဆရာမောင်မိုးသူတဲ့။ ကျနော်
ဟားဗတ်တက္ကသိုလ်ထဲရောက်တော့ သူရို့စာကြည့်တိုက်အုတ်ခုံလှေကားမှာထိုင်ရင်း ရန်ကုန်တက္ကသိုလ်ကြီးကိုလွမ်းသည်။ လွမ်းတတ်သူသာ သမိုင်းဝင်သည်။ မနေ့တစ်နေ့က ကိုသာချိုဆုံးသည်။ ဒီကနေ့ ကိုဌေးသိန်း(နောင်ကျော်)ဆုံးသည်။ မိုးကမတိတ်တော့ဘူးလား။ ကံ့ကော်တော၊ သစ်ပုပ်ပင်၊ ရေတမာပင်တန်း၊ အဓိပတိလမ်းကို
လွမ်းလို့ကောင်းတုန်း၊ ကျနော်တို့ကဗျာ
လှေ တက်ကျိုးသည်။ ရွက်ကျိုးသည်။
ကျနော်တို့ကျန်ရစ်သူတွေ လက်ထိုး
လှော်ရပါဦးမည်။ လွမ်းနိုင်ပါဦးမလား
မြသီလာရယ်။ ။
အောင်ဝေး
နောင်ကျော်( ၁၉၅၈- ၂၀၂၅)
၈၊ ၂၁၊ ၂၀၂၅ ရန်ကုန်မြို့တွင်ကွယ်လွန်သည်။
==================
His Writings

ဒီနေ့မနက် ရုတ်တရက်ကွယ်လွန်သွားသော ကိုဌေးသိန်း( စာရေးဆရာ နောင်ကျော်၊ ခိုင်မျိုးဇော်) ရေးခဲ့တဲ့ စာလေး အမှတ်တရ ပြန်ဖေါ်ပြရင်း နှုတ်ဆက်လိုက်ပါတယ် အကိုရေ. .
ချစ်သူတွေသာ ဖတ်ဖို့ အလွမ်းပြေ
နောင်ကျော်(ခိုင်မျိုးဇော်အမည်နဲ့နွယ်နီမဂ္ဂဇင်းမှာ ရေးခဲ့)
လှည်းတန်းမှတ်တိုင်ကနေ လမ်းလျှောက်လာတော့ ညနေစောင်းပြီ။ မီးပွိုင့်နားက တြိဂံပုံ ကြက်လျှာစွန်းဘေးအနားစပ်က သံပန်းကွေးခုံးခုံးလေးတွေမှာ ထိုင်နေသူ တချို့တလေကိုတောင် တွေ့နေရသည်။ မီးပွိုင့်နားက လှည်းတန်း ရဲစခန်းကို ကျော်လာစမှာပင် ပြည်လမ်းဘက်သို့ကွေ့သည်။ ကားအသွားအလာကို ကြည့်ပြီး ပြည်လမ်းကိုဖြတ်သည်။ ကားလမ်းကို ဖြတ်ပြီးသောအခါ ပလက် ဖောင်းအတိုင်း မြောက်ဘက်သို့ဆက်လျှောက်သည်။ ညာဘက်လှမ်းကြည့်တော့ ရာမညဆောင်ကို လှမ်းမြင်နေရသည်။ ရာမညဆောင် မျက်နှာစာရှိ ဝင်းတံခါးနားသို့ ရောက်တော့ သံကြိုးဖြင့်ဆိုင်းပြီး ခပ်ဟဟဖွင့်ထားသော တံခါးမှ ကျောင်းဝင်းထဲသို့ လှမ်းဝင်လိုက်သည်။ ကျောင်းပရဝဏ်ထဲသို့ နောက်ခြေတစ်လှမ်း လှမ်းပြီးချိန်တွင် ကိုယ်ခန္ဓာတစ်ခုလုံးက ကျောင်းဧရိယာထဲသို့ ရောက်သွားသည်။ အဲဒီလို အခြေအနေနှင့် ခံစားမှုမျိုး ဖြစ်သောအချိန်တချို့တွင် အဆိုကျော် ဒေါ်မာမာအေး ဆိုခဲ့ဖူးသော “ချစ်သူ့နယ်မြေ”သီချင်း စာသားထဲမှာ ခဏတစ်ဖြုတ်လောက်တော့ လိုက်လျှောက်ဖြစ်တတ်သေးသည်။
“ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ ... သစ္စာတရား ထွန်းကားရာ ... ငြိမ်းချမ်းသာယာသော နယ်မြေ ... ငြိမ်းချမ်းသာယာသော နယ်မြေ ...”
ဟုတ်သည်ပဲလေ။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူ၊ လေးစားတန်ဖိုးထားရသူတွေနှင့် စိတ်အေးသက်သာ အတူတကွနေထိုင်ရသော အရပ်ဒေသ၊ နယ်မြေနေရာကို ငြိမ်းချမ်းသာယာသော၊ လွတ်မြောက်အေးချမ်းသောနေရာဟု မသတ်မှတ်လျှင် ဘယ်နေရာကိုများ ချစ်သူနယ်မြေဟု သတ်မှတ်ရမှာလဲဟုလည်း အတွေး ဝင်တတ်သေးသည်။
ညနေ ငါးနာရီကျော်ပြီဖြစ်၍ ရာမညဆောင်တံခါးက ပိတ်ထားသည်။ ဒီအချိန်ဆိုလျှင် ဆရာ၊ ဆရာမတွေလည်း အဆောင်မှာ မရှိတော့။ အဆောင်စောင့်ပဲ ရှိမည်။ ရာမညဆောင်မျက်နှာစာလမ်းမှ မြောက်ဘက် ဆက်လျှောက်လာသည်။ အဆောင်ထောင့်ကွေ့နားတွင် ဦးချစ်လက်ဖက်ရည်ဆိုင်ထဲဘက်သို့ ဝင်သော မြေလမ်းကလေးတွေ့သည်။ သစ်ပင်တွေ အုပ်ဆိုင်းနေသော နေရာဘက်ကို လှမ်းကြည့်သည်။ ခပ်လှမ်းလှမ်းတွင် ဦးချစ်ဆိုင် တစ်စွန်းတစ်စကို လှမ်းမြင်နေရသည်။ သီချင်းသံကိုတော့ ခပ်သဲ့သဲ့လေးသာ ကြားရသည်။ ဒါတောင် ကျောင်းဆင်းချိန်ဖြစ်ပြီး နားအတော်ပါးမှ ကြားရမည့်အသံ ဖြစ်သည်။ ဆိုင်ဘက်ဝင်ပြီး အသိမိတ်ဆွေတွေ ရှိမလား ကြည့်ချင်စိတ်ပေါ်သည်။ ငါ သွားတွေ့မယ့်သူက ဒီအချိန်ဆိုရင် အဆောင်မှာပဲရှိမှာပါဟု အတွေးဝင်သဖြင့် ကွန်ကရစ်ထောင့်ချိုးလမ်းကို ဖြတ်ထားသော မြေသားဖြတ်လမ်းမှ တောင်ငူဆောင်ထောင့်ဘက် တောင်ပိန္နဲပင်အောက်သို့ လျှောက်လာသည်။ ဘယ်ဘက်ခြမ်းကို လှမ်းကြည့်တော့ ညဘက်ကျမှဖွင့်သော စားသောက်ဆိုင်တန်းမှာ လူတချို့ ထိုင်နေကြတာကို မြင်ရသည်။ နေ့ခင်းဘက်ဖွင့်သော တောင်ငူစားသောက်ဆိုင်တန်းက အရှည်ကြီး လက်ဖက်ရည်ဆိုင်မှာတောင်မှ ဘယ်သူမှ မတွေ့ရတော့။ ဘွဲ့ကြိုတန်းတွေအားလုံး စာမေးပွဲပြီး၍ ကျောင်းပိတ်ထားသောအချိန်၊ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ အနီးကပ်တက်ပြီး စာမေးပွဲဖြေပြီးချိန် ဖြစ်သောကြောင့် အရှည်ကြီးဆိုင်မှာ ထိုင်နေသူတွေ မရှိကြတာ ဖြစ်သည်။ ပုံမှန် ကျောင်းဖွင့်ရက်တွေဆိုလျှင် ခြောက်နာရီလောက်အထိ ထိုင်နေကြသူတွေ ရှိတတ်သည်။ ညဆိုင်တွေ၏ စားပွဲများကြားတွင် အရှည်ကြီးဆိုင်က စားပွဲတချို့ တွေ့ရတတ်သည်။ ထိုင်လက်စနှင့် ဆက်ထိုင်နေသဖြင့် အရှည်ကြီးဆိုင်က ကိုတင်အောင်တို့ညီအစ်ကိုတွေကလည်း တခြား သိမ်းစရာရှိတာတွေ သိမ်းဆည်းရင်း စောင့်ပေးတတ်သည်။ လက်ဖက်ရည်ဆိုင်မှာ ပြောလက်စ၊ ဆွေးနွေးလက်စ စကားကို ဖြတ်မရနိုင်သူတွေက ဦးချစ်ဆိုင်ဘက်သို့ ကူးသွားကြသည်။ ဦးချစ်ဆိုင်မှာက ညဆယ်နာရီခွဲ လောက်အထိ ထိုင်၍ ရသည်လေ။
တောင်ငူဆောင်ရှေ့ ကွန်ကရစ်လမ်းအတိုင်း ဝင်းတံခါးပေါက်မှထွက်၍ ညာဘက်ကွေ့သည်။ ဒဂုံဆောင်မျက်နှာစာကို လှမ်းမြင်နေရသည်။ ကျောင်းပိတ်ထားချိန်မို့ အော်သံ၊ ခေါ်သံ၊ ဂစ်တာတီးသံ၊ သီချင်းဆိုသံတွေ မကြားရ။ ဆက်လျှောက်လာသည်။ မြန်မာစာပါမောက္ခနေသောအိမ်ရှေ့ ရောက်လာသည်။ နေရောင်သည် အင်အားချည့်နဲ့စွာ ရှိသည်။ အလင်းရောင်က ပီပီသသ ရှိသေး သည်။ ဆောင်းရာသီအစပိုင်း ညနေစောင်းတွေမှာ မှောင်ချိန်စောတတ်သော်လည်း အခုမှ ငါးနာရီကျော်ခါစမို့ မမှောင်တတ်သေး။ အဓိပတိလမ်းပေါ် ဖြတ်တက်သည်။ လမ်းကိုတည့်တည့်ဖြတ်ကူးပြီး မြက်ခင်းသေးသေး နှစ်ဖက်ကြားက ကွန်ကရစ်ပြားတွေ ခင်းထားသောလမ်းအတိုင်း ဘွဲ့နှင်းသဘင် ခန်းမဘက်သို့ မျက်နှာမူပြီး လျှောက်လာသည်။ ရေတမာပင်အကိုင်းတွေ၊ အရွက်တွေက လူသွားလမ်းလေးပေါ်သို့ အုပ်မိုးထားသည်။ ညာဘက်အခြမ်းမှာ သံတိုင်တွေနှင့် ဝင်းခတ်ထားသော အဆောင်တွေကို မြင်ရသည်။ ဟိုတုန်းက ကျောင်းသားကြီးတွေကတော့ ဒီအဆောင်တွေရှိသော ဝင်းကြီးကို ဗဟိုဆောင်ဟု ခေါ်ခဲ့ကြသည်။ အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံဆောင်တွေရှိသော ဝင်းကြီးဖြစ်သည်။ အင်းဝဆောင်ရှေ့လမ်းမှ ကျောင်းဝင်းထဲသွားလို့ ရသည်။ အင်းလျားလမ်းဘက်သို့ ထွက်၍ရသည်။ ပင်းယဆောင်ရှေ့မှ ဝင်းတံခါးကိုကျော်လျှင် အဓိပတိလမ်းပေါ် ရောက်သည်။ သထုံဆောင်ရှေ့ ဝင်းတံခါးပေါက်မှထွက်လျှင် ညာဘက်တွင်ရှိသော တက္ကသိုလ် အားကစားရုံကို လွန်လာပြီးသောအခါ တက္ကသိုလ်ရိပ်သာလမ်းမကြီးဆီသို့ ရောက်သည်။ ကျောင်းသားအဆောင်တွေ စုနေသောနေရာလည်း ဖြစ်သည်။ ကျောင်းသူတွေ နေသော အင်းလျားဆောင်၊ ရတနာဆောင်တွေဘက်သို့ သွားချင်လျှင် အင်းဝ ဆောင်ရှေ့မှ ထွက်သွားပါက နီးနီးလေး။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်မှသည် ကျွန်တော်တို့ခေတ်အထိ ဗဟိုဆောင်မှ ကျောင်းသား အတော်များများသည် အင်းလျား၊ ရတနာ၊ သီရိ၊ ပြီးတော့ မာလာဆောင်တွေဆီသို့ ချစ်ခြင်းမေတ္တာကို တောင်ပံတပ်ကာ တဖျပ်ဖျပ် ပျံသန်းရင်း ဝေဒနာတေးမျိုးစုံကို တွန်ကျူး သီကြွေးခဲ့ကြသည်။ အဆင်ပြေသူတွေ ရှိသည်။ ခင်မင်ရင်းနှီးသောဘဝ ရသွားသူတွေ ရှိသည်။ ခါးခါးသီးသီး ငြင်းထုတ်ခံရသူတချို့ ရှိသည်။ အဆင်ပြေပြီးမှ မျက်ရည်နှင့် လမ်းခွဲရသူတွေ ရှိသည်။ ဘဝဖော်အဖြစ် လက်တွဲခဲ့သူတွေ ရှိသည်။ ချစ်ရက်ရှည်ရှည် အင်းလျားမြေ ဆိုသည်မှာလည်း တက္ကသိုလ်ဘဝထဲက ဘဝတစ်ခု ဖြစ်သည်။ တက္ကသိုလ်ကျောင်းက ငွေလမင်းသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခု ဖြစ်သည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခု ဖြစ်သည်။ ကိုင်ဇာ၏ မှတ်မိသေးရဲ့လား အချစ်ရယ်၊ ကျောင်းဖွင့်ရင်၊ တက္ကသိုလ်မြေ နေဝင်မှာစိုးတယ် တို့သည်လည်း တက္ကသိုလ်ထဲက ဘဝများ ဖြစ်သည်။ ဖိုးချို၏ အဆောင်သရဲ၊ ဗစ်တာခင်ညို၏ ကံ့ကော်မြေက တို့ရဲ့နောက်ဆုံးအချိန် သီချင်းတို့သည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခုစီ ဖြစ်သည်။ ပြီးတော့ “တက္ကသိုလ်တို့ ကျောင်းတစ်နေရာ”။ ရုတ်တရက် ခေါင်းထဲပေါ်လာသော သီချင်းတွေသာဖြစ်ပြီး အများကြီး ကျန်နေသေးသည်။ တက္ကသိုလ်ရှိလျှင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ရှိမည်။ ကျောင်းသားရှိလျှင် တက္ကသိုလ်ဘဝ ခံစားမှုတွေ ရှိမည်။ အသင်းအပင်း အဖွဲ့အစည်းတွေ ရှိမည်။ အချစ်တွေ အလွမ်းတွေရှိမည်။ စုစည်းညီညွတ်သော လှုပ်ရှားဆောင်ရွက်မှုတွေ ရှိမည်။ အောင်မြင်မှုတွေ ရှိမည်။ ရှုံးနိမ့်မှုတွေ ရှိမည်။ စာမေးပွဲအောင်ရှုံးသာ မဟုတ်။ ဘဝတိုက်ပွဲ အအောင်အရှုံးတွေလည်း ရှိမည်။ အောင်မြင်မှုတွေကို တက္ကသိုလ်ဘဝကတည်းက ပျိုးထောင်ယူခဲ့ကြပြီး နယ်ပယ် အသီးသီးတွင် အောင်မြင်နေကြသော တက်္ကသိုလ်ထွက် ပညာရှင်တွေ၊ နိုင်ငံရေး သမားတွေ ကမ်္ဘာပေါ်မှာ အများကြီး။ ယနေ့ခေတ်မှာ ထင်ရှားကြီးကျယ်သော ပညာရှင်များ၊ နိုင်ငံရေးသမားများသည် တက္ကသိုလ်ထွက်များသာ ဖြစ်သည်။ လောကကို၊ ခေတ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ ဇွဲသတ္တိရှိသူများလည်း ဖြစ်သည်။ အောင်ပွဲဆက်ဆက်ခံဦးမည့် တက္ကသိုလ်။ ငွေလမင်းတွေ၊ လရိပ်ပြာတွေရှိသော တက္ကသိုလ်၏ တံခွန်ကုက္ကကား အလံတော်များသည် ကျောင်းသူ၊ ကျောင်းသားတွေ ရှိနေသရွေ့ တလူလူ လွင့်နေဦးမည်။
“တစ်ယောက်နဲ့ တစ်ယောက်၊ တစ်မြို့စီတစ်နယ်စီ၊ နေကြသော်လည်းကွယ်၊ အလှရွှန်းစို သာမောရာ၊ မြကျွန်းညို ကဗျာတောမှာ၊ ခဏကွန်းခို လာသောအခါ၊ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ၊ စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ၊ ဒါတွေ တကယ်တော့ မဆန်းပေ”
ချိုပြုံး မဆန်းတာက ဟုတ်သည်။ ချစ်သူဖြစ်သွားကြတာ မဆန်း။ မုန်းသူ ဖြစ်သွားကြတာလည်း မဆန်း။ ဆန်းတာကတော့ တစ်နယ်စီမှ လာကြသူတွေက တက္ကသိုလ်အလံအောက်မှာ စုစည်းညီညွတ်၊ ချစ်ခင်တွယ်တာစွာ သံယောဇဉ်တွေဖြစ်ပြီး သူတို့ အလေးထားသော လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်ခဲ့ကြခြင်းပဲ ဖြစ်သည်။ ဒါကိုပင်လျှင် “အဆန်း မဟုတ်ပါဘူးကွာ၊ ဒါတွေက ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာလည်း ရှိနေ၊ ဖြစ်နေ ခဲ့ကြတာပဲ”ဟု ဆိုသူရှိလျှင် အထွန့်မတက်တော့ပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်း အသီးသီး၏ သားသမီးတွေ ဆိုတာကလည်း ဘယ်ခေတ်၊ ဘယ်စနစ်နှင့် ဘယ်တိုင်းပြည်မှာမဆို ကျောင်းသားပဲဖြစ်နေခဲ့၊ ဖြစ်နေဆဲသာမက အနာဂတ် မှာလည်း ဖြစ်နေဦးမည် ယုံသည်။
+ + +
ကျွန်တော့်ခြေလှမ်းတွေက ဗဟိုဆောင်ဝင်းဝ၊ ပင်းယဆောင်ရှေ့ တည့်တည့်က ဝင်းတံခါးဘက်သို့ ကွေ့ဝင်သည်။ ကတ္တရာလမ်းကလေးအတိုင်း ခပ်ပြေပြေ အမြင့်ဘက်သို့ လျှောက်လာသည်။ ပင်းယဆောင် ဆင်ဝင်ရှေ့နားလေးတွင် စစ်ကိုင်းဆောင်ဘက်သွားသော လမ်းနှင့် ပဲခူးဆောင်ဘက်သို့ သွားသော လမ်းဆုံသည်။ ညာဘက်လမ်းဖြစ်သော ပဲခူးဆောင်ဘက်သွားသော လမ်းအတိုင်း လျှောက်လာသည်။ အဓိပတိလမ်းနှင့် အဆောင်များကြား လမ်းဘေးဝဲယာတွင် မိုးပိတောက်ပင်ကြီးတွေ ရှိသည်။ သပြေပင်ကြီးတွေ၊ ကံ့ကော်ပင်တွေ နှင့် ဘာပင်မှန်း အမျိုးအမည်မသိသော အပင်ကြီးတွေက အုပ်အုပ်ဆိုင်းဆိုင်း၊ စိမ်းစိမ်းစိုစို ရှိသည်။ လမ်းကလေးအတိုင်း လျှောက်လာသည်။ အဆောင်ရှေ့ ကပ်လျက်တွင် ပုဏ္ဍရိက်ပင်တန်းလေးကို တွေ့ရသည်။ ဖြတ်လာပြီး အဆောင် ဆင်ဝင်ရှေ့ဘက်နားက ကံ့ကော်ပင်လေးနှစ်ပင်ကို လှမ်းကြည့်မိသည်။ မနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတွေ ဂုဏ်ထူးတန်း ကျောင်းသားဘဝဖြင့် ဒီ ပဲခူးဆောင်မှာ နေကြတုန်းကတည်းက ကျွန်တော် ခဏခဏရောက်သည်။ ညအိပ်ဖြစ်သည့် ရက်တွေက အတော်များသည်။ တတိယနှစ်နှင့် နောက်ဆုံးနှစ်(စတုတ္ထနှစ်) ကျောင်းသားတွေ စာမေးပွဲပြီး၍ နယ်ပြန်သွားကြချိန်တွင် အခုလိုပဲ တိတ်ဆိတ်ခြောက်ကပ် ငြိမ်သက်လျက်ရှိသော အဆောင်ကြီးတွင် ဂုဏ်ထူးတန်း ကျောင်းသားတွေပဲ တစ်ယောက်တစ်ခန်းကျစီဖြင့် အပေါ်ဆုံးထပ်တွင် ရှိသည်။ ကျွန်တော် လာပြီး စာကျက်တာက နည်းနည်း၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး စိတ်ဝင်စားရာ အကြောင်းတွေ ပြောဖြစ်တာက များသည်။
ကံ့ကော်ပင်ကို မော့ကြည့်မိရင်း မနှစ်တုန်းက ကံ့ကော်တွေပွင့်ချိန်မှာ ကံ့ကော်ပန်းတက်ခူးပြီး သူကြိုက်နေသော ကောင်မလေးကို သွားပေးတော့ “ကျွန်မ ပန်းမပန်တတ်ပါဘူးရှင့်” ဟု အပြောခံရသော သူငယ်ချင်းတစ်ယောက်ကို သတိရသည်။ သူက ဂုဏ်ထူးတန်းကို ရိုးရိုးအောင်သဖြင့် မဟာဝိဇ္ဇာ ဆက်တက်ခွင့် မရလိုက်သော သူငယ်ချင်း၊ သူက ကျောင်းလခ ကြွေးကျန်ရှိသဖြင့် အောင် စာရင်းကပ်တော့ သူ့နာမည်ပါမလာ။ ကျောင်းလခ ကြွေးကျန်သွားသွင်းပြီး ပြေစာဖြင့် စာမေးပွဲဌာနသို့ သွားပြ။ စာမေးပွဲဌာနက ချိန်းလိုက်သည့်နေ့တွင် သူ အောင်၊ မအောင် သိချင်သောကြောင့် ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်က စာမေးပွဲဌာနသို့ ကျွန်တော်တို့လည်း လိုက်သွားကြသည်။ အပေါ်ထပ် စာမေးပွဲဌာနက သူ့ နာမည် မေးပြီးသည့်နောက် မြေညီထပ်ရှိ ရုံးခန်းသို့ ညွှန်းသည်။ ရုံးခန်းအဝ ရောက်တော့ အသက်ငါးဆယ်ကျော်ကျော် အမျိုးသမီးကြီးတစ်ဦး ထွက်လာ သည်။ သူငယ်ချင်း၏ နာမည်ကို မေးသည်။ နာမည်ကိုပြောလိုက်တော့ သူ့လက်ထဲမှာ ကိုင်ထားသော ပြေစာဖြတ်ပိုင်းလေးကို ကြည့်သည်။ အသံ တိုးတိုးဖြင့် ပြောသည်။ ကျွန်တော်တို့က ခပ်လှမ်းလှမ်းမှ နားစွင့်နေကြသည်။
“သားက ဂုဏ်ထူးတန်းကို ရိုးရိုးပဲ အောင်တယ်။ အော်ဒင်နရီပတ်စ် Ordinary Pass ပေါ့ကွယ်။ အတန်းတော့ ဆက်တက်ခွင့် မရှိတော့ဘူး။ စိတ်ပျက်မသွားနဲ့ သား။ သားရထားတဲ့ ဘီအေဘွဲ့လေးတော့ ပြုတ်မသွားပါ ဘူးကွယ့်”
အမျိုးသမီးကြီးက ညင်သာနူးညံ့စွာပြောရင်း အားပေးအပြုံး ပြုံးပြသည်။
ပြီးတော့ ပြေစာဖြတ်ပိုင်းလေးကို သူငယ်ချင်းလက်ထဲထည့်သည်။ သူငယ်ချင်းက နှုတ်ဆက်ပြီး ကျွန်တော်တို့ဘက် လှည့်လိုက်တော့ သူ့မျက်နှာ မကောင်း။ သူငယ်ချင်းတွေထဲမှာ စာမေးပွဲကျပြီး ကျောင်းထွက်ရသော သူငယ်ချင်း ရှိနေလျှင် ကျန်သူတွေလည်း စိတ်မချမ်းမြေ့စွာ ခံစားရသည်။ အဲဒီ ဘွဲ့လွန် တန်းတွေမှာ မဟာဝိဇ်္ဇာတန်းတွေကမှ တစ်နှစ်ကျလို့ ရသေးသည်။ ဂုဏ်ထူး တန်းမှာ ကျခွင့်မရှိ။ တတိယဆင့် Third Class ဖြင့် အောင်လျှင်တော့ ဂုဏ်ထူးတန်းကို ထပ်တက်ပြီး စာမေးပွဲဖြေခွင့် ရှိသည်။ ပထမဆင့် First Class နှင့် ဒုတိယဆင့် Second Class ဖြင့် အောင်လျှင်တော့ မဟာတန်းသို့ ဆက်တက်ခွင့်ရသည်။ ဘွဲ့လွန်တန်းမှာ ပေချင်တေချင်လျှင် မဟာတန်း၌ တစ်နှစ်ပေလို့ ရသည်။ နှစ်နှစ်ကျလျှင်တော့ အရင်ရခဲ့ပြီးသား ဘွဲ့ကလေး ပိုက်ပြီး ကျောင်းမှထွက်ပေတော့။
+ + +
ပဲခူးဆောင် ဆင်ဝင်အောက်မှ ဘာဂျာတံခါး စေ့ထားသောနေရာသို့ ရောက်သောအခါ တံခါးကိုတွန်းပြီး ဘေးသို့ကပ်သည်။ လူက အတွင်းသို့ ဝင်လိုက်ပြီးနောက် တံခါးကို ပြန်ဆွဲ၍ စေ့ထားလိုက်သည်။ အဆောင်စောင့်ကုလား အဘိုးကြီးက လှမ်းကြည့်ပြီး သူထိုင်နေသောထိုင်ခုံမှ ပြုံးပြသဖြင့် ပြန်ပြုံးပြပြီး ဆက်လျှောက်လာသည်။ အဆောင်မှာ ကျောင်းသားနည်းနည်းလေးပဲ ရှိသော ကြောင့် တံခါးကို ဖွင့်မထား။ သော့ခတ်ထားတာလည်း မဟုတ်။ ဝင်နေ ထွက်နေကျလူတွေက သိသည်။ နေ့ခင်းဘက်မှာ အဲဒီလိုစေ့ထားပြီး ည ကိုးနာရီကျော်မှ တံခါးကိုသော့ခတ်သည်။ နောက်ကျပြန်လာသော ကျောင်းသားတွေကို အစောင့်ကမြင်လျှင် သော့လာဖွင့်ပေးသည်။ သူ မမြင်လျှင် လှမ်းသာ ခေါ်လိုက်။ တံခါးသော့ဖွင့်ပြီး တံခါးကို ဆွဲဖွင့်ပေးတတ်သည်။
အဆောင်အလယ်ဘက် လှေကားမှ မတက်ဘဲ အောက်ထပ် ဧည့်ခန်းဘေးမှ ဖြတ်လျှောက်လာသည်။ တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်လျက်။ ဘေးလှေကားမှ အပေါ်သို့တက်သည်။ အပေါ်ထပ်တစ်ထပ်လုံး အခန်းတံခါးတွေ သော့ပိတ်ထားတာ တွေ့ရသည်။ အပေါ်ဆုံးထပ်သို့ ဆက်တက်သွားသည်။ လှေကားထစ်အတိုင်း တစ်ထစ်ချင်းတက်လာချိန်တွင် ဂစ်တာသံကို ပို၍ ပီပီသသကြားရသည်။ လှေကားထိပ်မှ အပေါ်ဆုံးထပ်သို့ ခြေချမိချိန်တွင် သီချင်းဆိုသံကိုပါ သဲသဲကွဲကွဲ ကြားလာရသည်။ အားရပါးရ အော်ဟစ်ဆိုနေသော အသံမဟုတ်။ ရင်ထဲမှ ခံစားမှုကိုဂီတသံနှင့် ပေါင်းစပ်ပြီး ငြိမ့်ငြိမ့်ကလေး ညည်းနေသော သီချင်းသံဖြစ်သည်။ လွမ်းလွမ်းဆွေးဆွေး၊ တမ်းတမ်းတတ ရင်မှလာသောအသံလည်း ဖြစ်သည်။
“ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ ... နေနိုင်ရက်သူရေ မွှေးပါစေ၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော်မြို့တော်ရေ ... ကံ့ကော်မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ ရှိတဲ့မြေ ... ကံ့ကော်မြို့တော်ရေ ... ကံ့ကော်မြို့တော်ရေ ...”
သီချင်းညည်းသံကြောင့် ခြေလှမ်းကို ခဏရပ်ပြီး နားထောင်နေလိုက်သေးသည်။ ကျွန်တော်လာသည့် အခန်းက ဒဿနိကဗေဒ ဂုဏ်ထူးတန်း တက်နေသော ကိုမြင့်ချို၏အခန်း။ လှေကားထိပ်မှကွေ့ပြီး ဘယ်ဘက်လျှောက်လျှင် ပထမဆုံးတွေ့ရမည့်အခန်း ဖြစ်သည်။ အပေါ်ဆုံးထပ်မှာတော့ တံခါးဖွင့်ထားသော အခန်းတချို့ကို တွေ့ရသည်။ ဘွဲ့လွန်တန်းကျောင်းသားတွေကို အဆောင်နေခွင့် ပေးထားသည်ကတော့ ဂုဏ်ထူးတန်း တစ်တန်းတည်းသာ ဖြစ်သည်။ မဟာတန်းဆိုလျှင် ကျောင်းအဆောင်မှာ နေခွင့်မရှိ။ အပြင်ဆောင်မှာ ငှားနေချင်လျှင်နေ၊ သို့မဟုတ် ရန်ကုန်မှာရှိသော ဆွေမျိုးတွေအိမ်မှာနေပြီး ကျောင်းတက်ချင်လျှင်တက်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က မဟာတန်း ကျောင်းသူ ကျောင်းသားတွေအတွက် နေစရာ စီစဉ်မပေးနိုင်။ ကိုယ့်အစီအစဉ်နှင့်ကိုယ် မဟာတန်းတက်ကြရသည်။ သူတို့မှာ အကြောင်းပြချက် ရှိနိုင်သည်။
လှေကားထိပ်မှာရပ်ပြီး သီချင်းကို နားစွင့်ရင်း အပြင်ဘက်ကို လှမ်း ကြည့်မိတော့ အလင်းရောင်က ဖျော့တော့တော့။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်စွာ။ ကားလမ်းနှင့် နည်းနည်းလှမ်းသဖြင့် ကားသံတွေကိုမကြားရ။ အနီးဆုံးဖြစ်သော အဓိပတိလမ်းပေါ်မှာ ဖြတ်မောင်းလေ့ရှိသော ကိုယ်ပိုင် လူစီးကား၏စက်သံက မကျယ်တတ်သဖြင့် အဆောင်ပေါ်မှာ အသံတို့၏ အနှောင့်အယှက်က ကင်းနေသည်။ ကြားနေရသော သီချင်းညည်းသံ ခပ်တိုးတိုးလေး တစ်ခုပဲ ရှိသည်။ ရင်ထဲမှာ တင်းကျပ်စွာရှိနှင့်ခဲ့သော ဝေဒနာကို ဖွင့်အန်ထုတ်နေသလိုမျိုး။ ပျို့တက်လာသော ခံစားမှု။
“နွေရက်တွေ ... ရှောင်ဖယ်ပြေးဖို့ရာလည်း ... မြေရယ်မရှိခဲ့လေတော့
ခံလိုက်ဦးပေါ့ မိုက်သူရေ ... ပင်ယံပန်းတို့ လန်းရာမြေ၊ ပူပုံံနွမ်းလို့ဖြင့်၊ စိတ်မှာထင်နေ ...
ပုဂံလမ်းမှာ ... အတူတူလျှောက်မိလို့များ ... ရင်ကိုသောကစေသလား၊ ဖြေပါဦးကွယ့် က့ံကော်ရယ် ... ဒဏ်ရာဟောင်းက အလွမ်းစာတွေ ... ရေပြင်အင်းလျားက သိပါတယ်လေ ...”
ဆိုနေသူကို မမြင်ရ။ အဆောင်၏ တောင်ပံဘက်မှာ တံခါးဖွင့်ထားသော အခန်းတွေကို ကြည့်လိုက်တော့ နှစ်ခန်းပဲရှိသည်။ ကျွန်တော့်မိတ်ဆွေ ကိုမြင့်ချို၏ အခန်းနှင့် ဟိုဘက်ကအခန်း။ အဲဒီအခန်းမှာ ဘယ်မေဂျာက ဘယ်သူနေသလဲ ကျွန်တော်မသိ။ သူတို့ ဒဿနိကဗေဒ ဘွဲ့လွန်ကျောင်းသားပဲလား။ ဝိဇ္ဇာကျောင်းသားလား၊ သိပ္ပံကျောင်းသားလား ကျွန်တော်မသိ။ ကိုမြင့်ချိုနှင့် ကျွန်တော်က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းဘေးက စားသောက်ဆိုင်တန်းမှာ မကြာခဏ ဆုံဖြစ်ကြသည်။ သူနေသော ပဲခူးဆောင်မှအခန်းကို တစ်ခါတလေမှ သွားသည်။ သူက ကျွန်တော့်ထက် တစ်တန်းငယ်သည်။ သူနှင့်တစ်တန်းတည်း ကျောင်းသားတွေအပြင် ကျွန်တော်တို့နှင့်တစ်တန်းတည်း ကျောင်းသားတွေထဲမှ ဝိဇ္ဇာဘာသာတွဲ ဘွဲ့လွန်တန်းတက်နေသူ စကားပြောဖော် အတော်များများက ဂျပ်ဆင်စားသောက်ဆိုင်တန်းမှာ အမြဲတမ်းလိုလို ဆုံဖြစ်ကြသည်။ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ အရှေ့တိုင်း၊ ဒဿနိကဗေဒ။ အစောပိုင်းတုန်းက စိတ်ပညာဘာသာရပ်မှ ဘွဲ့လွန်ကျောင်းသားတချို့လည်း လာဖူးသေးသည်။ နောက်ပိုင်းနှစ်တွေမှာ မလာကြတော့။ သမိုင်းမှ ကိုလျန်မှုန်း၊ မြန်မာစာမှ ကိုနေဝင်းအောင်၊ ကိုမြင့်အောင်၊ အရှေ့တိုင်းမှ ကိုအေးမင်း၊ ကိုမြင့်၊ ပထဝီမှ ကိုစန်းဦးတို့လည်း မကြာမကြာ လာတတ်သည်။ ပင်တိုင် ထိုင်နေကျသူတွေကတော့ ကျွန်တော်နှင့် တခြားသူငယ်ချင်းတွေ။
အခု ကိုမြင့်ချိုအခန်း လာသည့်ကိစ္စက ငှားထားသောစာအုပ် လာပေးရင်း အလည်လာခြင်း ဖြစ်သည်။ သီချင်းညည်းသံ ကြားထဲကပဲ ကျွန်တော်က တံခါးဖွင့်ထားသော လှေကားဘက် အစွန်ဆုံးအခန်းသို့ ဆက်သွားသည်။ အခန်းရှေ့ရောက်တော့ ရပ်လိုက်သည်။
“ဟာ ... ကိုမျိုးဇော်ကြီးပါလား၊ လာဗျာ”
အခန်းထဲဝင်ပြီး ကုလားထိုင်မှာထိုင်သည်။ သီချင်းသံက ကြားနေရတုန်း။ ဒါပေမယ့် သီချင်းက ပြီးခါနီးပြီ။ ဒီသီချင်းက ကျွန်တော်ကြိုက်သော သီချင်းထဲမှာ ပါသည်။ သီချင်းရေးဆရာ “ဆူး”ကရေးပြီး လွှမ်းမိုးသီဆိုသော “ကံ့ကော်မြို့တော်”သီချင်း။
“ခင်ဗျားဆီလာရင်း လှေကားထိပ်ရောက်မှ သီချင်းဆိုသံကြားလို့ ရပ်ပြီး နားထောင်နေသေးတာ၊ တစ်ဝက်တစ်ပျက်ပါဗျာ”
သီချင်းက ပြီးသွားပြီ။ ဂစ်တာသံလည်း မကြားရတော့။ ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ်လျက်။ ကိုမြင့်ချိုကတော့ သီချင်းဆိုသံကို ကျွန်တော့် လို ဂရုပြုမိပုံမရ။
“ဟုတ်လား၊ ကျွန်တော် ကြားတော့ကြားတယ်၊ စာထိုင်ဖတ်နေတာမို့ သတိမထားမိလိုက်ဘူး”
“ခင်ဗျား ဟိုဘက်အခန်းက ဘယ်သူ့အခန်းလဲဗျ”
သီချင်းဆိုသောလူကို မေးချင်မှန်း ကိုမြင့်ချို သိသည်။
“အခန်းရှင်က အပြင်ခဏသွားတယ်။ အခုနတီးနေတာက သူ့သူငယ်ချင်း၊ လာလည်ရင်း ဆိုနေတာ၊ ဆိုတာ တော်တော်ကောင်းလား”
ကျွန်တော်က မူရင်းဆိုခဲ့သော လွှမ်းမိုးထက်ပင် ခံစားမှုပိုပြီးပါနေသဖြင့် နားထောင်ရတာ သဘောကျကြောင်း ပြောသည်။ သူက “ဒီလိုဆိုရင် ထပ်ဆိုဖို့ ကျွန်တော် ပြောလိုက်မယ်”ဟုပြောပြီး ထိုင်နေရာမှထသည်။ “အားနာစရာကြီးဗျာ” ဟု ပြောသောအခါ “ရပါတယ်၊ ကျွန်တော်နဲ့ ခင်ပါတယ်”ဟုပြောပြီး ထွက် သွားသည်။
ဟိုဘက်အခန်းမှာ စကားပြောသံကြားရသည်။ ခပ်သဲ့သဲ့။ “ကျွန်တော့် ဆီ လာလည်တဲ့ဧည့်သည်က တစ်ဝက်တစ်ပျက်ပဲ မီလိုက်ပြီး သဘောကျလို့ တဲ့ဗျ”ဟု ပြောသံကြားရသည်။ ကိုမြင့်ချို အခန်းထဲသို့ ပြန်ဝင်လာသည်။ ပြုံးတုံ့တုံ့နှင့်ပင် “ပြောလိုက်ပြီဗျ”ဟု ပြောပြီး သူ့ခုတင်ပေါ်မှာ ထိုင်သည်။ ခဏနေတော့ ခြေဆင်းဂစ်တာသံကို ကြားလိုက်ရသည်။ ကျွန်တော်တို့နှစ်ယောက် ပြောစရာရှိသော စကားတွေကို ခဏရွှေ့ထားလိုက်သည်။ သီချင်းညည်းသံ စပြီး ကြားရသည်။
“အချစ်ဆုံးရေ ... ရီဝေမျက်ရည်ပွင့်များ လေမှာမျောလွင့် စိတ်ထား ... ရာဇဝင်အဓိပတိလမ်းမမှာ ... တူစုံဝေးလို့ နွမ်းကာကြွေ ... ပြန်လာမယ့် ရက်က မသိနိုင်ပါလေ ...”
ဂစ်တာတီးပြီး သီချင်းညည်းနေသူက ဘယ်သူလဲ၊ ဘယ်အရွယ်လဲ၊ ကျောင်းသားလား၊ ကျောင်းပြီးသွားသူလား၊ ပရော်ဖက်ရှင်နယ် ဂီတသမား လား ကျွန်တော် မသိ။ အခန်းအပြင်သို့ ထွက်သွားပြီး သူ့အခန်းရှေ့ရပ်ကာ ကြည့်ဖို့လည်း စိတ်မကူးမိ။ သူ တီးနေသောဂစ်တာသံကို နားထောင်ပြီး အတီးကျွမ်းကျင်သူတစ်ယောက် ဆိုတာကိုတော့ မှန်းလို့ရသည်။ ဂစ်တာသံ ကြားထဲမှ ထွက်လာသော သီချင်းဆိုသံက ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲ အလွမ်းတွေကဲနေသည်ဟု ထင်သည်။ တက္ကသိုလ်နှင့် ဆက်စပ်ခဲ့ဖူးသူဆိုတာ သေချာသည်။ သီချင်းထဲကလို ဖြစ်စဉ်မျိုး၊ ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့၊ ခံစားခဲ့ရဖူး သူ ပေပဲလား။
“ပုဂံလမ်းမှာ ... အတူတူ လျှောက်မိလို့များ ရင်ကို သောက စေသလား ... ဖြေပါဦးကွယ့် ကံ့ကော်ရယ် ... ဒဏ်ရာဟောင်းက အလွမ်းစာတွေ ရေပြင် အင်းလျားက သိပါတယ်လေ ... ပင်ယံ ကံ့ကော်တွေ ပွင့်ပြန်ပြီလေ နေနိုင်ရက်သူရေ မွှေးပါစေ ... ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည် ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ရှိတဲ့မြေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...”
ဂစ်တာတီးသံနှင့် သီချင်းညည်းသံ စီးကြောင်းထဲမှာ ကျွန်တော်တို့ နှစ်ယောက် မျောပါသွားသည်။ ကိုမြင့်ချိုက ငြိမ်နေသည်။ လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကို ကြည့်နေသည့် မျက်လုံးကို တွေ့ရသည်။ မျက်နှာကြက်ကို မြင်မှာမဟုတ်။ အတိတ်မြင်ကွင်း၊ သို့မဟုတ် မဝေးသေးသော အတိတ်တစ်နေရာရာဆီကို လွင့်သွားပုံရသည်။ ကျွန်တော်ကတော့ ပုဂံလမ်းဆိုတာကို မျက်စိထဲပေါ်လာသည်။ ဂျပ်ဆင်ဘေးက လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်ခဲ့သူ သံယောဇဉ်နွယ်မျှင်လေးတွေကို စိတ်ဖြင့် ဖမ်းဆုပ်မိသည်။ အင်းလျားကန်စောင်းက ဘူးသီးကြော်ဆိုင်မှာ ထိုင်စကား ပြောခဲ့ကြသူတွေထဲမှ တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ တက္ကသိုလ် တက်ခဲ့သူတိုင်းမှာ အချစ်ဇာတ်လမ်းတွေ မရှိတတ်ကြသော်လည်း အများစုက တော့ သံယောဇဉ်တွေ၊ သတိရမှုတွေ၊ လွမ်းဆွတ်တမ်းတမှုတွေ ရှိခဲ့ကြမည် ထင်သည်။ တစ်ခါတစ်ရံမှာ စိတ်ထဲပေါ်လာတတ်တာကို သတိရမှုဟုခေါ်ပြီး မကြာခဏ စိတ်ထဲရောက်လာတတ်ခြင်းကိုတော့ လွမ်းဆွတ်တမ်းတမှုဟု ခေါ်တတ်ကြသည်။ သီချင်းညည်းရင်း သတိရနေတာလား၊ လွမ်းဆွတ်တသသ တမ်းတမှုကို ဖွင့်အန်ချလိုက်တာလားဆိုတာ ဂစ်တာတီရင်း ညည်းနေသူကို မမေးဖြစ်ခဲ့ပါ။ ကျွန်တော်တို့ နှစ်ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ယောက်နှင့်တစ်ယောက်ပါ မမေးဖြစ်ခဲ့ပါ။
ကိုယ် နှစ်သက်သဘောကျသော သီချင်းတစ်ပုဒ်ကို စိတ်အေးငြိမ်း ချိန်မျိုးမှာ တစ်ယောက်တည်း နားထောင်ဖြစ်သောအခါမျိုး၌ သီချင်းဆုံးသွား သည်အထိ သီချင်းသံထဲမှာ ကိုယ့်စိတ်က နစ်မြုပ်စီးဝင်သွားတတ်ပါသလား။ သီချင်း၏တစ်နေရာရာမှာ ကိုယ့်စိတ်ကသီချင်းနှင့်ခွာထွက်ပြီး တခြားတစ်နေရာ ရာကို လွင့်မျောရွေ့လျား သွားတတ်ပါသလား။ ဤသဘော သဘာဝကိုရော စောင့်ကြည့်ဖူးပါသလားဟု မေးခွန်းပေါ်သော်လည်း ဘယ်သူ့ကိုမှ မေးစရာ မရှိပါ။
သီချင်းရှိုက်ငိုသံ တိုးတိတ်သွားပြီး ဂစ်တာသံက တဖြည်းဖြည်း ဆုတ် ခွာ ငြိမ်သက်သွားသည်။ ကောင်းလိုက်တာ၊ အရသာရှိလိုက်တာဟု စိတ်ထဲ၌ ဖြစ်၏။ “ကျေးဇူးပဲဗျို့”ဟု ကျေနပ်စွာ လှမ်းအော်လိုက်သည်။ ဟိုဘက်အခန်းက အလွမ်းဆရာကတော့ ဘာမှမတုံ့ပြန်။ သူ့သီချင်းနှင့်၊ သူ့အလွမ်းနှင့်၊ သူ့ အတိတ်နှင့် ရစ်ပတ်စီးမျောနေတုန်း ဖြစ်ပုံရသည်။ ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...။
ပြီးတော့ ကျွန်တော်နှင့် ကိုမြင့်ချိုတို့ စကားထိုင်ပြောနေလိုက်ကြတာ နာရီဝက်ကျော်ကျော် ကြာသည်။ အပြင်ဘက် လှမ်းကြည့်တော့ အမှောင်ထုက ခိုင်မာစွာ ခြေကုပ်ယူထားခဲ့လေပြီ။ အဆောင်စင်္ကြံမှာ မီးလုံးတွေက ပီပီသသ လင်းနေကြပြီ။ ကျွန်တော်က ပြန်မည်ဟုနှုတ်ဆက်ပြီး ထသည်။ ကိုမြင့်ချိုက လိုက်ပို့ရင်း ဦးချစ်ဆိုင်မှာ ထိုင်ရအောင်ဟုပြောသည်။ သူ အဝတ်အစား လဲနေတုန်း ကျွန်တော်က အခန်းအပြင်ဘက် ထွက်သည်။ ခုန ဂစ်တာတီးနေ သူ၏အခန်းကို လှမ်းကြည့်သည်။ သော့ခတ်ထားတာ တွေ့ရသည်။ ကျွန်တော်တို့ စကားပြောနေတုန်းက အပြင်ထွက်သွားတာ ဖြစ်မည်။ ကိုယ့်စကားထဲမှာပဲ အာရုံရောက်နေကြခိုက်မို့ သော့ခတ်သံ၊ လမ်းလျှောက်သံတွေကို သတိမထားမိခဲ့။ အသံကိုသာ ကြားခဲ့ရပြီး လူကိုတော့ မမြင်ခဲ့ရ။
ကိုမြင့်ချိုက အခန်းအပြင်ဘက် ထွက်သည်။ တံခါးနှစ်ချပ်ကို ပိတ်သည်။ မင်းတုန်းကို တံခါးဘောင်ရှိ ကွင်းထဲ ထိုးပြီးမှ သော့ခတ်သည်။ နှစ်ယောက်သား အဆောင်ပေါ်မှ အောက်ဘက်သို့ ဆင်းလာခဲ့ကြသည်။ အဆောင်တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်ပြီး လူမနေတော့သော အဆောက်အအုံကြီးတစ်ခုလို ထင်ရသည်။
အဓိပတိလမ်းပေါ်ရောက်တော့ မီးတိုင်တွေက လင်းထိန်နေသည်။ ဘွဲ့နှင်းသဘင်ခန်းမဘက် လှမ်းကြည့်တော့ အဲဒီအရှေ့မှာ မီးရောင်က ပို၍ လင်းနေတာကို တွေ့သည်။ အဆောင်ကျောင်းသားတချို့ စာမေးပွဲဖြေခါနီး ရက်တွေတုန်းက ဘွဲ့နှင်းသဘင်ရှေ့ မီးတိုင်အောက်ဘက်ဝန်းကျင်မှာ စာသွားကျက်ကြတာကို သတိရသည်။ အဓိပတိလမ်းအတိုင်း ခြင်္သေ့တံခါးဘက်သို့ မျက်နှာမူပြီး လျှောက်လာခဲ့ကြသည်။ ကိုမြင့်ချိုက ဒဿနိကဗေဒကျောင်းသား ပီပီ ဘာတွေကို စဉ်းစားလာသလဲ မသိ။ အတူတူ ယှဉ်လျှောက်လာရင်း စကားမပြောဖြစ်ကြ။ ကျွန်တော့်စိတ်ထဲသို့သာ လွှမ်းမိုး၏ “ကံ့ကော်မြို့တော်” သီချင်းထဲက စာသားတချို့က စီးကျလာသည်။ စမ်းချောင်းကလေးကို စိတ်ထဲမှာ လှမ်းမြင် သတိရလိုက်သောအခါ ရေစီးသံလွင်လွင်ကလေးကိုပါ သဲ့သဲ့လေး ကြားလိုက်ရသည်။
“ပင်ယံ ကံ့ကော်တွေ ပွင့်ပြန်ပြီလေ ... နေနိုင်ရက်သူရေ မွှေးပါစေ၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ ရှိတဲ့မြေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...”
+ + +
သိပ်မကြာတော့သည့် ကံ့ကော်တွေပွင့်သော၊ ကံ့ကော်ရနံ့ ထုံပျံ့သော ရာသီသို့ရောက်လျှင် ကျောင်းထဲသို့ တစ်ခေါက်လောက်တော့ ပြန်သွားဦးမည်။ အတိတ်ပုံပြင်တွေ ပြန်လည်ရေးသားဖို့အတွက် ဟိုတုန်းက အတွေးတွေ ပြန်နိုးထလာအောင် ကိုယ့်ကိုယ်ကိုယ် လှုပ်နှိုးရဦးမည်။ အရင်လို ...၊ ပျိုမျစ် တုန်းကလို ...။
ငါ ... လာဖြစ်အောင် လာခဲ့ဦးမယ်၊ ချစ်သူနယ်မြေရေ ...၊ ကံ့ကော် မြို့တော်ရေ ...။
နွယ်နီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၉။
================================
Maung Ko Ko Wrote:

ကျွန်တော်တို့ လောကမှ ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ယောက်ယောက် ကွယ်လွန်သောအခါ ရင်ထဲမှာ တနုံ့နုံ့ ရှိနေတတ်ပါသည်။ လူ့သဘာဝအတိုင်း ကွန်လွန်ချိန်မှ ကျွန်တော်တို့လို မသေသေးသူများက သူ့အကြောင်း တသသ ပြောဆိုရင်း စိတ်သက်သာစေရန်ကြိုးစားတတ်ပါသည်။ FB ရှိသောအခါ ထိုအပေါ်မှာ ပြောလာကြပါသည်။
ကိုနောင်ကျော် ယုဇန ၉လမ်း နေစဥ်က ကျွန်တော်က ယုဇနနှင့် မဝေးသော စစ်တောင်းရိပ်မွန်မှာ နေပါသည်။ ကိုနောင်ကျော်ဆီ ဦးစွာ ခေါ်သွားသူမှာ ကာတွန်းဝင်းအောင်ဖြစ်ပါသည်။ နောက်တော့ ခင်မင်သွားပြီး ကျွန်တော် တစ်ယောက်တည်း သွားပါသည်။ သူတို့ နားက လက်ဖက်ရည်ဆိုင်မှာ ထိုင်ကာ ထွေရာလေးပါး ပြောဆိုရယ်မောကြပါသည်။ တစ်ခါတစ်ရံ ကိုမိုဃ်းဇော်ကိုလည်း ဖုန်းဆက်ခေါ်ကာ သုံးယောက်သား ပွားကြပါသည်။
ကိုနောင်ကျော်ကို သူ့မိတ်ဟောင်းများက ကိုဌေးသိန်းဟု ခေါ်ပါသည်။ ကျွန်တော်ကတော့ ကိုနောင်ကျော်ဟုသာ ခေါ်ဖြစ်ပါသည်။ ကိုနောင်ကျော်တွင် နက်ရှိုင်းလေးနက်သော နိုင်ငံရေးဘဝ ရှိပါသည်။ သိမ်မွေ့ နက်ရှိုင်း လေးနက်လွန်းပါသည်။ ကျွန်တော်တို့လို သာမန်လူက ပေါ်လွင်အောင် မဖော်ပြနိုင်သော သူ့နိုင်ငံရေးဘဝဖြစ်ပါသည်။ သူ့ နိုင်ငံရေးယုံကြည်မှုက ၂၀၁၅ ဝန်းကျင်မှာ လူအများ ကြိုက်နေသော နိုင်ငံရေးနှင့်ကွဲလွဲပါသည်။ စစ်အစိုးရလက်ထက် နှစ်များစွာ မန္တလေးထောင်ထဲမှာ နေခဲ့ရသော အစဥ်အလာ ရှိသော ရာဇဝင်ကြီးမားသော ၊ ယုံကြည်မှုကို သေအထိ မစွန့်လွှတ်သော၊ လေ့လာသုံးသပ်မှု အားကောင်းသော နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါသည်။ သို့သော် သူသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ဆရာတစ်ဦးဘဝက ထောင်ထဲသို့ ရောက်သွားခဲ့ရသူတစ်ဦးဖြစ်ပါသည်။တက္ကသိုလ်အသိုင်းအဝိုင်း မြန်မာစာ ဘာသာရပ်ဆိုင်ရာလောကမှာ သူ့မိတ်ဆွေဟောင်းများ ရှိနေပြန်သည်။ စာပေလောကမှာလည်း သူသည် ခိုင်မာအားကောင်းသော ကလောင်တစ်ခုကို ပိုင်ဆိုင်ထားသည်။လှိုင်းသစ်လို မဂ္ဂဇင်းတွင် သူသည် အယ်ဒီတာလည်း လုပ်နေချိန်မှာ ကျွန်တော်နှင့် ထိတွေ့ရာ သူ့ဆီက လှိုင်းသစ်များ တောင်းဖတ်ရသည်။
သူသည် နိုင်ငံရေးယုံကြည်ချက် လေးနက်ပြင်းထန် အားကောင်းသူတစ်ဦး ဖြစ်သော်လည်း တစ်ဖက်မှာ သူ့ဘဝက စာရေးဆရာတစ်ဦးဖြစ်နေပြန်သည်။ သူသည် ရင်အတွင်းထဲက နိုင်ငံရေးက သီးသန့်၊ အပြင် လူ့ဘဝက ထိုအရာကို ဖုံးကွယ်လျက် စာသမားများစွာနှင့် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်သူတစ်ဦးဖြစ်သည်။ သူ့နိုင်ငံရေးနှင့်၊ သူ့နိုင်ငံရေးရဲဘော်များကို သူက အကန့်တစ်ခုထားသည်။ ကျွန်တော်တို့လို စာသမားများနှင့် တွေ့ဆုံသောအခါ ၊ နိုင်ငံရေးကို မပြောပဲ စာအကြောင်းပေအကြောင်းကို ကောင်းကောင်းကြီး ပြောနိုင်သည်။ သူသည် ဆက်ဆံရခက်သူတစ်ဦးမဟုတ်ပဲ ပျော့ပျောင်းသည်။ ရယ်မောသည်။ ဟာသ ပြောနိုင်သည်။လှိုက်လှဲနွေးထွေးသည်။
ထိုကာလက ကျွန်တော်ကလည်း REAL LIVES မှာ လူအကြောင်း ရေးနေသူ တစ်ဦးဖြစ်ရာ၊ လူချင်း ခင်လိုက်လျှင် အင်တာဗျူးဘို့ပဲ ကြိုးစားတတ်သည်။ သူ၏ နေရစ်တော့ မန္တလေးထောင် စာအုပ်ကိုလည်း သူ လက်ဆောင်ပေး၍ ဖတ်ထားပြီးဖြစ်နေသည်။ သူသည့် အကန့်တစ်ခုတော့ ဗျူးခွင့်ပေးခဲ့ပါသည်။
သို့သော် ယုဇန ၉လမ်း၊ ၁၀လမ်း လက်ဖက်ရည်ဆိုင်တွင် out of record တွေ အများကြီး ပြောခဲ့ကြသည်။ သူ့ သွေးသားရင်းချာများက ဒေါပုံမှာ နေကြသည်။ သူက သီးခြားလွတ်လပ်စွာ နေထိုင်လို၍ ယုဇနတိုက်ခန်း ပထမထပ်မှာ တစ်ယောက်တည်း လာနေသည်။ သူ့တိုက်ခန်းသို့ ကျွန်တော် မကြာမကြာ ရောက်ဖူးသည်။ အလွန် သန့်ရှင်းသည်။ ဘာမှာ ရှုပ်ပွမှု မရှိ။ စာအုပ်စာတန်းလည်း များများ မထားပါ။ သူ့အသားအရည်က ညိုမောင်းသည်။ သူ့မျက်လုံးက တောက်ပသည်။ စကားပြောလျှင် ထက်သန်ရှင်းလင်းစွာ ပြောဆိုတတ်သည်။ ထောင်ထဲမှာ အမှောင်တိုက်ခန်းတွင် ကြာရှည်နေခဲ့ဘူးသဖြင့်စိတ်ဒဏ်ရာအချို့ ရခဲ့ဘူးသည်။ ထို စိတ်ဒဏ်ရာ ပေါ်လာသော ရက်များ သူ့မှာ ရှိခဲ့ဘူးသည်။ နားထဲမှာ အသံများကို ကြားနေတတ်သည်။ စိတ်ရောဂါဆိုင်ရာ ဆေးဝါးများဖြင့် ကုသခဲ့ရသည်ဟု သူ ပြောပြ၏။ သူ့မှာ အာရုံနောက်လို့ မရ။ အာရုံ နောက်စရာများကို သူ ရှောင်ရှားသည်။ အနေအထိုင်၊ အခန်း၊ စိတ် ရှင်းလင်းစွာ နေထိုင်ခြင်းသည် သူ ပြင်ဆင်ထားမှုဖြစ်သည်။ သူ အရက်ကို ကောင်းမှ သောက်သည်။ သူ့နိုင်ငံရေးရဲဘော်များနှင့်မှ တစ်ခါတစ်ရံ သောက်သည်။ ထောင်ကျဘူးသော နိုင်ငံရေးသမားများမှာ အချင်းချင်း အတော် စောင့်ရှောက်တတ်ကြသည်။သူ့ရဲဘော်များက ပူးပေါင်းထည့်ဝင်၍ နောက်ပိုင်းကာလမှာ သူသည် တိုက်ခန်းအပိုင်ဖြင့် တစ်ကိုယ်ရည် နေထိုင်သည်။ သူ၏ နေ့စဥ်ဘဝမှာ စာရေးခြင်း၊ အယ်ဒီတာ လုပ်ခြင်းဖြင့် အသက်မွေးသည်။ ကျွန်တော်သည် the book house မှာ လူစုံပါသော စာအုပ်များ စီစဥ်ခဲ့ရဘူးရာ ကိုနောင်ကျော်ထံသို့လည်း စာမူ သွားသွားတောင်းသည်။ စာမူပေးတာနှင့် စာမူခ ပေးရာ၊ အတော်ပဲ ပိုက်ဆံ ပြတ်နေတာဗျဟု ရင်းရင်းနှီးနှီး ပြောသောအခါလည်း ကြုံဘူးသည်။ ခင်ဗျားတို့ ရေးနေတဲ့ Real Lives က စာမူခ ကောင်းတယ် ပြောကြတယ်။ ကျွန်တော်လည်း ရေးချင်တယ်ဗျာ ဟု သူ ပြောဘူးသည်။ ကျွန်တော်က သူ့စာမူကို ယူသွားပြီး အယ်ဒီတာထံသို့ ပေးဘူးသည်။ Real Lives သည် လူကို အင်တာဗျူးလုပ်ပြီးမှ ပြန်ရေးရသော profile ဖြစ်ရာ၊ ကိုနောင်ကျော်စာမူ Real Lives မှာ မပါခဲ့ဟု ထင်ပါသည်။ ကျွန်တော်က ကြားက သယ်ဆောင်ပေးသူဖြစ်ရာ ထို့အတွက် ကိုနောင်ကျော်ကို အားနာမိသည်။ the book house က ထုတ်သော ၊ ကျွန်တော် စာမူစုရ ၊စီစဥ်ရသော စာအုပ်များအတွက်ကိုမူ ကိုနောင်ကျော်ထံမှ ကျွန်တော် စာမူတောင်းပါသည်။ လူတွေကို ချစ်မေတ္တာအပြည့်ထားကာ ဆက်ဆံပေါင်းသင်းတတ်သော၊ လူချစ်လူခင်များသော၊ မဟုတ်တာ မလုပ်တတ်သော၊ ဗရုတ်သုတ်ခ မနေတတ်ပဲ၊ တည်ကြည်သန့်ပြန့် အေးဆေးစွာ နေတတ်သော ကိုနောင်ကျော်ဖြစ်ပါသည်။ နောက်ပိုင်း သူ ဒေါပုံသို့ ပြောင်းသွားကြောင်း ကြားသိရပါသည်။ ရေဝေးဈာပနအချို့မှာ သူနှင့် ဖျတ်ကနဲ ဆုံရတတ်ပါတော့သည်။ ယခုတော့ဖြင့် ဟေ့လူကြီး ကိုနောင်ကျော် နေကောင်းရဲ့လား ဟု မေးလို့ မဖြစ်နိုင်တော့ပါ။ ငြိမ်းချမ်းပါစေ ကိုနောင်ကျော်။
=================================
Win Zaw Latt wrote:


လူသိပ်မသိတဲ့ ဆရာနောင်ကျော်ရဲ့စရိုက်တခုက အင်မတန်မှ ကလေးချစ်တတ်တာပါပဲ။
ဆရာက လူပျိုကြီးပေမဲ့ ကလေးလည်း သိပ်ပြီးချီချင်သေးတာ။ ကျနော့် ဒုတိယသမီးလေး မွေးစ သူ ဖုန်းခဏခဏ ဆက်တယ်။ ကလေး မီးထွက်ပြီးလို့ ချီလို့ရပြီဆိုရင် ကျနော့်ကို ပြောဦး၊ ကလေးကို
လာချီချင်လို့တဲ့။ ကလေးချီလို့ ရပြီလည်း ပြောရော ပုလင်းတလုံးဆွဲပြီး အိမ်ရောက်လာတာပဲ။
ကလေး မချီတတ် ချီတတ်နဲ့ တပွေ့ပွေ့ တပိုက်ပိုက် လုပ်ရင်း ဟ ဒီလေးက ကြီးလာရင် ငစွာလေး ဖြစ်နိုင်
တယ်ဟ ဘာဟာ နဲ့ သူဟာသူ ကလေးနဲ့ နှစ်ယောက် သား တတွတ်တွတ်ပြောလို့။ ကလေးက သူ့လက်ထဲ
ငြိမ်နေရင်လည်း ဒီကလေးက ငါနဲ့ သူငယ်ချင်းဖြစ်လာမှာတဲ့၊ ပြောသေးရဲ့။
ကျနော့်သမီး သုံးယောက်ဟာ သူ့လက်ထဲမယ် ကြီးခဲ့ရသလိုပါပဲ။ ဆရာနောင်ကျော် လာပြီဆို
ကလေးတွေက ပျော်ကြရော။ ဆရာကလည်းပဲကလေးတွေကို အိမ်ထဲဝင်ကလာတည်းက
စလိုက် နောက်လိုက် ၊ သူ စ လွန်းလို့ ကလေးတွေကပြေးပုန်း၊ သူက နောက်က လိုက်စ တရုန်းရုန်း။
ဆရာနဲ့ ခင်မင်သိကျွမ်းပြီးတဲ့ နောက်ပိုင်းမယ်ဆရာနဲ့ ကျနော့်တို့နဲ့က မိသားစုဝင်တွေလိုမျိုး
ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်ခဲ့တာပါပဲ။
တခါတလေမှာ သူရဲ့ သမုဒယခံစားချက်တွေ၊ စိတ်ဒုက္ခတွေကို လာပြီး ရင်ဖွင့်တတ်သေးတယ်။
ရန်ကုန်မြို့ထဲ ကျနော် ပြောင်းရွေ့ခဲ့သမျှ အိမ်တွေ တိုင်းစေ့ ဆရာ လာမလည်ဖူးတဲ့ အိမ်ကို မရှိခဲ့ဘူး။
စိတ်ကူးပေါက်ရင် ပေါက်သလိုမျိုး ရောက်ရောက်လာခဲ့ချည်းတာပဲ။ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ရေကျော်။
၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွေမှာ အရင်က ပျော်ရွှင် တက်ကြွနေတတ်တဲ့ ဆရာဟာ နည်းနည်း
တော့ တိမ်းတိမ်းပွေပွေဖြစ်လာတာ သတိထားမိ တယ်။ အားလုံး သေကွဲ ရှင်ကွဲ ကွဲနေကြတဲ့ ကာလ
ဆိုးကြီးကိုဆရာဟာ အများအမြင်မှာ ဘာမှ မဖြစ် သလိုမျိုးဖြတ်သန်း နေပေမဲ့ သူ့ရင်ထဲမှာ အတော်လေး ထိခိုက်နေတာကို ဆရာနဲ့ အနီးကပ် ပေါင်းနေသူတွေဆို သိနိုင်ပါတယ်။ ညအမှောင်ထဲမှာ
ခွေးဟောင်တဲ့ အသံကြားရင်ကိုပဲ သူ လန့်လန့်ပြီး နိုးလာတဲ့ အကြောင်း ကျနော့်ကို ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတော့ ဆရာဟာ ကျနော့်ကို သူ့ရေးခဲ့တဲ့ စာမူအများစုပါတဲ့ မဂ္ဂဇင်း
တွေကို ကျနော့်အိမ် ပို့လိုက်တယ်။ “ခင်ဗျားပဲ သိမ်း ထားလိုက်တော့ဗျာ”တဲ့။ နောက်ပိုင်း စာမူဖိုင် အချို့
လည်း ခင်ဗျားစာအုပ်တိုက်မှာပဲ လာသိမ်းထားဦး မယ် စိတ်ကူးတယ် တဲ့။
“ဘာလဲ ဆရာ၊ သံယောဇဉ်တွေ ဖြတ်နေတာလား၊ နိုင်ငံခြားသွားတော့မလို့လား”လို့ ကျနော်က စ လိုက်
မိသေးတယ်။
“မဟုတ်ပါဘူး ကိုယ့်လူရာ၊ ခေတ်ကြီးကလည်း ကောင်းတာမဟုတ်ဘူး၊ အသက်ကလည်း သေတတ်
တဲ့ အရွယ် ရောက်နေပြီဗျ” လို့ ဆရာ ပြောတဲ့အ ခါ ကျနော်တို့က မသေနိုင်သေးပါဘူးဆရာရယ် လို့
ပြန်တောင် နောက်လိုက်မိပါသေးတယ်။
၂၀၂၅ နှစ်ဦးပိုင်းက စပြီး ဆရာနောင်ကျော်ဆီက သေစကားတွေ မကြားစဖူး ကြားလာနေရတာကို
သတိထားမိပါတယ်။ ကျနော်လည်း ၂၀၂၀ / ၂၀၂၁ နောက်ပိုင်း ဆရာ့ စာအုပ်လေးတွေ အသစ်မထွက်နိုင်တာ သိတယ်။
နောက်ပိုင်း ဆရာ့စာ အများစုက နိုင်ငံရေးနဲ့ နွှယ်တာတွေဆိုတော့ အခြေအနေအရ စုထုတ်ဖို့က မဖြစ်နိုင်
သေးဘူး။ ကျနော်တို့ အဘိယစကပြု တိုက်တွန်းလို့ဆရာ ရေးထားတဲ့ တက္ကသိုလ်ဆရာဘဝ နိုင်ငံရေး
လှုပ်ရှားတဲ့ အတွေ့အကြုံစာမူတွေကလည်း အခုနေထုတ်ဝေဖို့ရာ မဟန်သေးတော့၊ ဆရာက ခင်ဗျားပဲ
အခြေအနေကြည့် သိမ်းထား၊ လွတ်လပ်တဲ့အခါကျမှပဲ ခင်ဗျားနဲ့ ကျနော် ထုတ်ကြမယ်လို့ လုပ်ထားကြ
တော့ ဆရာ့မှာ စာအုပ်သစ် မထွက်ဖြစ်။ ပြီးခဲ့တဲ့လေးနှစ်လောက်ကလည်း ဘာစာမှ မရေးဖြစ်ဘူး
လေ။
ဆရာ့ဆီက ‘သေစကား’ တွေ မကြာခဏပဲ ကြားလာရတော့ ကျနော်တို့က ဆရာ စိတ်ဓာတ်များ
ကျနေသလားလို့တွေးပြီး၊ “ဆရာ စာပြန်ရေးဖို့လုပ်ပါဦးလား၊ နိုင်ငံရေးတော့ ရေးမရဘူးပေါ့။
ဒီတော့ ရသစာတွေ ရေးဖို့ပဲ အာရုံစိုက်ပါလား။
ဟိုတုန်းက ခိုင်မျိုးဇော်ရဲ့ ရေးလက်ကို လွမ်းတယ်”လို့ အားပေးစကားရော တိုက်တွန်းတာပါ လုပ်လိုက်
တော့ ဆရာ့မျက်နှာ လက်ခနဲ ဝင်းသွားပါတယ်။
ခိုင်မျိုးဇော်က ဆရာရဲ့ ကလောင်ခွဲ တခုလေ။ အဲဒီကလောင်နဲ့ ရသစာတမ်းတွေ အများကြီး ၂၀၀၅-၆
နှစ်တွေတဝိုက်မှာ ရေးခဲ့ဖူးတာပဲလေ။ အဲဒီလို ပြောပြီး နောက်ပိုင်းမှာ ဆရာ ရသဝတ္ထုတွေ
ပြန်ဖတ်တယ်။ ကျနော့်အိမ်မှာ သမီးကြီးဖတ်ရအောင်ဆိုပြီး သူပေးထားတဲ့ ငြိမ်းကျော်ဝတ္ထု အကုန်လုံးကို ခဏ ပြန်ငှါးလိုက်ဦးဆိုပြီး ယူသွားတယ်။ ငြိမ်းကျော် ဝတ္ထုတွေ ဆရာ ငယ်စဉ်က အတော် ကြိုက်ခဲ့တာတဲ့။ ငယ်ငယ်က ရင်ခုန်သံမျိုးရအောင် ပြန်နွှေးမယ်ဆိုပြီးငြိမ်းကျော် တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေ ပြန်ဖတ်နေတယ်။ တချိန်လုံး ကမ္ဘာ့သတင်း မြန်မာ့သတင်းတွေ ထဲ မြုပ်နှံထားတဲ့ တင်းမာနေတဲ့အာရုံကို ရသခံစားမှုဘက် ပြန်မျှားယူနေတာ လေးငါးလလောက်တောင်ရှိနေပြီ။ သူ့မှတ်စုထဲ စိတ်ကူးရတဲ့ကဗျာတိုလေးတွေ ချ ချ ရေးထားတာလည်း ဖတ်ရတယ်။
အခုလို ဆရာစာပြန်ရေးဖို့ လုပ်နေချိန်မှာ သူလည်းအားတက်ပါစေဆိုပြီး မဂ္ဂဇင်းတွေထဲ ပြန့်ကျဲနေတဲ့၊
ဟိုစာအုပ် ဒီစာအုပ်ထဲ မပါတဲ့ ရသစာတမ်းလေးတွေ အပုဒ် နှစ်ဆယ် အစိတ်လောက် ရှိတာ စုပြီး စာအုပ်
ထုတ်ပေးမယ် ပြောတာ သူအတော် ဝမ်းသာပြီးတော့ စာမူစာရင်း တခုလုပ်ပြီး သိပ်မကြာသေးခင်ကပဲ
ကျနော့် လက်ထဲ ပေးခဲ့တယ်။ စာမူတွေတော့ ခင်ဗျား ဟာ ခင်ဗျားပဲ ကျနော်ပေးထားတဲ့ မဂ္ဂဇင်းတွေထဲ
ပြန်ရှာတော့တဲ့။ ကျနော်က ၂၀၂၅ ထဲ ဆရာ့စာအုပ် လေး တအုပ် ထုတ်ပေးမယ်လို့ ကတိပေးတဲ့ နေ့က
ဆိုင်တဆိုင်မှာ အမှတ်တရဟေ့ ဆိုပြီးတော့ပေါလေ၊ ကျနော်တို့ ခွက်တိုက်လိုက်ကြသေးရဲ့။
သူ အတော် စိတ်သက်သာရာ ရနေခဲ့ပုံပါ။
နှစ်ဆန်းပိုင်းကနေ စပြီး အခု နောက်ပိုင်းလတွေမှာ ဆရာ့ မိတ်ဆွေတွေ ဆရာသမားတွေ တယောက်ပြီး
တယောက် တဖြုတ်ဖြုတ်နဲ့ ကွယ်လွန် တိမ်းပါးကုန်တာဟာ ဆရာနောင်ကျော်ကို သေခြင်းတရား
အပေါ် သတိထားမိစေဖို့ အကြောင်းတွေ ဖြစ်ခဲ့ပါတယ်။ သူလည်း သေသွားနိုင်တယ်လို့ တွေးပြီးတော့
မသေခင် သူရေးချင်တဲ့ စာတွေ တွန်းရေးမယ်လို့ပြောပါတယ်။ ကျနော့်ကို ပေးထားတဲ့ ( အပေါ်မှာပြောတဲ့ တက္ကသိုလ်ဆရာဘဝ ယူဂျီ အတွေ့အကြုံ) စာမူကိုလည်း ကာလအနေအထားတရပ်ကို စောင့်ရင်း
စိတ်တိုင်းကျ ပြန်ရေး/ ပြန်တည်းဖြတ်ဦးမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာ့ဆီ သေခြင်းက ရုတ်တရက် ဝင်ရောက်စီးနင်းတော့ စာတွေ ရေးမယ် အစီအစဉ်က ဆရာနဲ့အတူ သေရွာပါသွားပြီပေါ့။
နောက်ဆုံး သူ့မိတ်ဆွေ ဆရာမောင်သာချို ကွယ်လွန်သွားတာက ဆရာနောင်ကျော်ကို
သေခြင်းတရားအကြောင်း အလေးအနက်စဉ်းစားစရာ ဖြစ်နေစေခဲ့ပုံပါပဲ။
“၂၀၂၅ ခုနှစ်ထဲမှာ ဆရာမ ဒေါ်မာလေး၊ ဆရာမောင်ခင်မင်၊ နိုင်မြန်မာ၊ ဦးနေဝင်း( သူနဲ့ အမှုတွဲ)၊
မောင်သာချို…. စသဖြင့် (သူနဲ့ ) ချစ်တဲ့၊ ရင်းနှီးတဲ့၊ တန်ဖိုးထားတဲ့ သူတွေ ကွယ်လွန်သွားကြပြီ။ အဲဒီ
အထဲမှာ ငါလည်း ပါသွားနိုင်ခြေ ရှိမလား “ဆိုတာ ဒီရက်ပိုင်းတွေအတွင်း ဆရာနောင်ကျော်ရဲ့ ခေါင်းထဲ
မှာ အဆက်မပြတ် တွေးနေခဲ့တဲ့ အတွေးတခုပဲ ဖြစ်ပါတယ်။
ဒီအတွေးကို ကျနော်တို့က နမိတ်နမာ မရှိလို့ ထင်ပြီးလက်သင့်မခံပေမဲ့ ဆရာက သူသေသွားနိုင်တယ်လို့
အလေးအနက်ကြီး တွေးနေတဲ့ အတွေးက မှန်တယ် ဆိုတာ အခုတာ့ သက်သေပြလိုက်သလိုပါပဲလား။
ဆရာနောင်ကျော် သေသွားပြီ။
ဆရာနောင်ကျော် အသက်ရာကျော် ရှည်ပါစေ။ ။
ဝင်းဇော်လတ်
၂၂ ဩဂုတ် ၂၀၂၅၊ သောကြာနေ့။
( ဓာတ်ပုံများ- လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပုံတွေပါ)
================================
Sandar Wynn

·
နိုင်ငံရေးစာတွေ ရေးဖြစ်ခဲ့တဲ့ နောင်ကျော်-
အစက ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနက ဆရာ၊ နောက် ၈၈ အရေးအခင်းချိန်ကစပြီး နိုင်ငံရေးအကျဉ်းသားဖြစ်သွား။ နိုင်ငံရေးအကျဉ်းက လွတ်လာတော့ “နောင်ကျော်” ဆိုတဲ့ နာမည်နဲ့ စာတမ်းတွေ၊ နိုင်ငံရေးဆောင်းပါးတွေ ရေးလာလိုက်တာ အများအသိပါ။
ဒီနေ့ ဒီ စာအုပ် ၃ အုပ်အ​ကြောင်း နဲနဲ ပြောမှာပါ။
“ဘာ နိုင်ငံရေးသမားလဲနှင့် အခြားဆောင်းပါးများ”
“လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း”
“ငြိမ်းချမ်းရေးနှင့် ဝှက်ဖဲ”
၂၀၁၃ နဲ့ ၂၀၁၄ က ထွက်ခဲ့တာတွေ။
“ဘာ နိုင်ငံရေးသမားလဲ” က ပြည်သူ့ခေတ်၊ ပန်သစ္စာ၊ မြန်မာသမာဓိ၊ ပေါ်ပြူလာ၊ နေ့သစ်၊ အင်ပါယာဂျာနယ်တွေထဲက ဆောင်းပါးတွေ။
နိုင်ငံရေးဆိုတာ ကြောက်စရာ ခြောက်စရာ မဟုတ်တော့ပါ တဲ့။ မတူပေမယ့် ရန်သူ မဟုတ်ပါ စတဲ့ ဆောင်းပါးခေါင်းစဉ်တွေကို ကြည့်ရင် နောင်ကျော် ဘာကို တို့ထိထားသလဲ။
တချို့ကျတော့ နိုင်ငံရေးသံမပါဘဲ
စုံထောက်ဝတ္ထု ခြစားခြင်းအကြောင်း၊ ဂျာအေး သီချင်းဆိုသံ မကြားလိုပါ မကြားလိုပါ တဲ့။
သင်္ကေတ စကားတွေနဲ့ ဖန်တီးထားတာ။
“ခွပ်ဒေါင်” ကတော့ စာတမ်းရှည်ကြီး တစောင်။
အိုးဝေမဂ္ဂဇင်းသမိုင်းနဲ့ ယှက်နွယ်နေတဲ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂသမိုင်းကို ကြိုးစား ပမ်းစား သုတေသနပြုထားတာ။ ၁၉၃၁ က စဖွဲ့ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကနေ ၁၉၆၁ ခု နောက်ဆုံးဖွဲ့ခဲ့တဲ့ သမဂ္ဂအထိ အမှုဆောင်တွေ၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားရေးရာ နိုင်ငံရေးရာ ပြဿနာတွေကို အတတ်နိုင်ဆုံး ဖော်ပြထားတယ်။
သူ့စာကနေ ခံစားမိတာက နယ်ချဲ့အစိုးရ အရာရှိတဦးကတောင် မြန်မာကျောင်းသားတွေရဲ့ သမဂ္ဂဖွဲ့စည်းခွင့်ကို ကြည်ကြည်ဖြူဖြူ အသိအမှတ် ပြုနိုင်ခဲ့တာ။
“ငြိမ်းချမ်းရေးနှင့် ဝှက်ဖဲ” က စဉ်းစား ဆင်ခြင် အတွေးပွါးစရာများပါတယ်။
၁၉၉၀ တုန်းက ဘာကြောင့် အာဏာ မလွှဲသလဲတဲ့။ ကျွန်တော်တို့ရဲ့ ကျားကျားမီးယပ် နိုင်ငံရေးများ တဲ့။
ဖောင်စီးရင်း ရေငတ်နေသော တန်းတူ ရပိုင်ခွင့် တဲ့။
အဲ့ဒီမှာ ကယားက လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရခိုင်က ရွှေသဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေက ခံစားခွင့်ကို အထူး ဖော်ပြထားတယ်။ လောပိတကြောင့် တခြားမြို့ရွာတွေမှာ မီးအလင်းရပေမယ့် ကယားမှာတော့ အမှောင်ညတွေ။ ဒီလိုပဲ ရခိုင်က ဓာတ်ငွေ့တွေကြောင့် ဝင်ငွေတွေ ဘီလျံချီ ရခဲ့ပေမယ့် ရခိုင်မှာတော့ ဓာတ်ငွေ့ အကျိုး မခံစားကြရပါဘူးတဲ့။ တန်းတူအခွင့်အရေး မရပုံတွေ။ ပီပီသသပဲ။
နောင်ကျော့်စာတွေမှာ ဝေဖန် ဆင်ခြင်မှုကို အလေးအနက်ထားတာ ထူးခြားချက် တခုပါ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဝေဖန် ဆင်ခြင်မှုလေ့ကျင့်ပေးတဲ့အခါ မေးခွန်းထုတ်မှုကို ဦးစားပေးတာ သတိထားမိပါတယ်။ စာဖတ်နေရင် စာရေးတဲ့သူကို၊ ဖြစ်စဉ်တခုခုနဲ့ ပတ်သက်လာရင် ဖြစ်စဉ်ထဲက ပုဂ္ဂိုလ်တွေကို စိတ်ထဲကနေ မေးတဲ့အကျင့်မျိုးကို ဆိုလိုပါတယ်။ အရာရာကို မျက်စိမှိတ် လက်မခံသလို မျက်စိမှိတ် ငြင်းပယ်တာမျိုး မလုပ်ဘဲ စနစ်တကျ ဆန်းစစ် ဝေဖန်တတ်အောင် လေ့ကျင့်ပေးတာပါ။
ဘာသင်တန်းမှ တက်တယ် မကြား မသိဖူးပေမယ့် နောင်ကျော့်မှာ မေးခွန်းထုတ်တဲ့ အလေ့အကျင့် ရှိနေပါပြီ။
နိုင်ငံရေးရဲ့သဘောကို ဖွင့်ဆိုဖို့ ကြိုးစားတဲ့အခါ ဖြစ်နိုင်ခြေကို လုပ်တာ နိုင်ငံရေးတဲ့လား။
ဖြစ်သင့်တာတွေ၊ ဖြစ်ရမှာတွေအတွက် လုပ်နေတာကိုရော နိုင်ငံရေးမလုပ်တော့ဘူးလား စတဲ့ မေးခွန်းတွေမေးရင်း ဉာဏ်အလုပ်တွေ ပေးနေတယ်။
ခေါင်းဆောင်ကို နတ်လို ကိုးကွယ်နေတာ မြင်မိတဲ့အခါ အကြောင်းအမျိုးမျိုးနဲ့ အသေဆိုး သေခဲ့ကြတဲ့ နတ်တွေက ဘယ် သဘောတရား၊ အဘိဓမ္မာ ကိုယ်ကျင့်တရားဆိုင်ရာ သင်ကြား လမ်းညွှန်ချက်တွေကို ဟောပြော ပို့ချခဲ့ဖူးပါသလဲ။
ကိုယ်စီးတဲ့ မြင်းကို အထီးမှန်း အမမှန်း မသိသလို၊ ကိုယ် ကိုးကွယ်တဲ့ နတ်က ဘယ်လောက် လေးစားစရာကောင်းပြီး၊ ဘယ်လောက် လေးစားရလို့ ကိုးကွယ် နေကြတာလဲ တဲ့။
နတ်ကိုးကွယ်သူတွေ သူ့လို မေးခွန်းထုတ် စဉ်းစားခန်းဝင်ဖူးကြပါသလား။
သူ့စာဖတ် သူ့အကြောင်းရေးနေမိတော့
ကိုယ့်အနားမှာ သူငယ်ချင်းကိုဌေးသိန်းကြီး
ကွမ်းတွေမြုံ့ပြီး ရှိနေတယ်လို့ ခံစားလားတယ်။
================================

မောင်တူး - ဆရာနောင်ကျော် ဘာတွေပြောခဲ့သလဲ
Art - Ko Ko Naing
ဆရာနောင်ကျော် ဘာတွေပြောခဲ့သလဲ
မောင်တူး
(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၅
သူ ရှင်နေတုန်းက
ဘာ ရေးခဲ့ ပြောခဲ့သလဲ
ဘာကိုယုံကြည်ပြီး ရပ်တည်ခဲ့သလဲ
ဘယ်လို တိုက်ပွဲဝင်ခဲ့သလဲ
ဘယ်လောက်ထိ စွန့်လွှတ်ပေးဆပ်ခဲ့သလဲ
ချန်ထားခဲ့တဲ့ သူ့သမိုင်းခြေရာတွေ။ ။ (နောင်ကျော်)
အထက်ပါ ကဗျာပုဒ်ပါ စာသားကလေးတွေဟာ ဆရာနောင်ကျော် ရေးခဲ့တာပါ။ တိတိကျကျ ပြောရရင်တော့ ဆရာမောင်သာချို ကွယ်လွန်ချိန်မှာ ရေးခဲ့တာ။ ပိုပြီး တိတိကျကျဆိုရင်တော့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က မိုးမခ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တာ။ အတိကျဆုံး ဆိုရရင်တော့ ဆရာနောင်ကျော် မကွယ်လွန်ခင် တလအလိုက ရေးခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ၈၈၈၈ မျိုးဆက် ကဗျာဆရာ စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်ဟာ ဩဂုတ်လ ၂၁ ရက်မှာ ရန်ကုန် ဒေါပုံ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
(မီးလျှံရဲ့ ခြေသံများ)
နေ့မှာ ကြယ်တွေကြွေရ
ညမှာ ရနံ့တွေပါ ခြွေချခံနေရ
အမှောင်ကျခေတ်ညများ။
နေ့ညမှောင် ခရီးမှာ
သွေးမကြောင်တဲ့ မီးရောင်ဟာ
လမ်းကို ရှင်းရှင်းမြင်စေ
ပန်းကို သင်းသင်းဝေစေ
ကြယ်ကို ဝင်းဝင်းလက်စေ
အမြင်ကန်းကို လင်းလင်းထင်စေ။
ကြည့်ကြစမ်းဟေ့
တွေ့မိကြရဲ့လား
သူတို့ ခြေသံတွေထဲမှာတောင်
မီးတောက်မီးလျှံတွေနဲ့။ ။
နောင်ကျော်
၃၁ ဇူလိုင်၊ ၂၀၂၁
ဆရာ နောင်ကျော်ဟာ ၁၉၈၃ – ၈၄ ခုနှစ်က လုပ်သားကောလိပ်၊ မြန်မာစာဌာနမှာ အချိန်ပိုင်းနည်းပြ၊ လက်ထောက်နည်းပြပါ။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ မဟာဝိဇ္ဇာတန်း တက်ခဲ့ပြီး ၁၉၈၆ ခု ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ နည်းပြတာဝန် ထမ်းဆောင်ခဲ့သူ ဆရာတဦး ဖြစ်ပါတယ်။ ၈၈၈၈ လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ၁၉၈၉ ဇူလိုင်မှာ အဖမ်းခံခဲ့ရပါတယ်။ ထောင် အနှစ်၂၀ ချမှတ်ခြင်း ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ပါတယ်။
(ဆရာနောင်ကျော် ပြောခဲ့တာတွေ)
သူပြောတာတွေကတော့ များသားကလား။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာလေးတွေကလည်း သူပြောခဲ့တာပဲပေါ့။ ရေးပြီး ပြောခဲ့တာတွေပေါ့။ သူဟာ ကဗျာတွေနဲ့ ပြောတယ်။ ဆောင်းပါးတွေ ရေးပြီး ပြောခဲ့တယ်။ ဝတ္ထုတိုတွေနဲ့ရော ဝတ္ထုရှည်တွေနဲ့ရော ပြောခဲ့ပါတယ်။ မိုးမခမှာ သူရေးခဲ့တဲ့ "လွမ်းတာနဲ့ ဥပက္ခာ" ခေါင်းစဉ်နဲ့ "အက်ဆေး" လေးထဲက စာသားလေးတွေကို ဖတ်ကြည့်ကြပါ။
" ကိုယ်ကျင်လည် ရှင်သန်ရတဲ့ခေတ်မှာ မတရားမှု မမျှတမှု ဖိနှိပ်ချုပ်ချယ်မှုတွေကို တွေ့နေလျက်နဲ့ ဥပေက္ခာပြုနေတတ်သူတွေထဲ ကိုယ်မပါရင် တော်လှပါပြီ။
လူဆိုတော့ လွမ်းတာ ဆွေးတာ တမ်းတတာ သတိရတာ ခံစားမိတာ ဗရုတ်ကျမိတာတွေ ရှိတတ်မှာပေါ့။ ဒါပေမယ့် ခေတ်သမိုင်းရဲ့တာဝန်ကို ထမ်းရတဲ့အချိန်တွေမှာလည်း အလွမ်းပင်လယ်ထဲ ပက်လက်မျောပြီး ယက်ကန်ယက် ကန်နဲ့ ကိုယ်ကျင့်တရား"စံ"ကနေ သွေဖည်ပျက်စီးမသွားဖို့ပဲ လိုတယ် မဟုတ်ပါလား။
ကိုယ်ဖြတ်သန်းနေရတဲ့ခေတ်ကို လှမ်းကြည့်လိုက်မိတော့ မပြေလည်တာတွေ မမျှတတာတွေ ဖိနှိပ် နိုင်ကျင့်မှုတွေ က ဥပဒေတခုလို ပြဋ္ဌာန်းနေတုန်းပါပဲလား မိတ်ဆွေ။ "
ဒါက ၂၀၁၉ ခုနှစ်က ဆရာနောင်ကျော် ရေးခဲ့တဲ့စာပါ။ သေသေခြာခြာ ပြန်ဖတ်ကြည့်မယ်ဆိုရင် အခုကာလ ဖြစ်ပျက်နေတာတွေနဲ့ တထပ်တည်းပါပဲ။
(ရန်ကုန်တက္ကသိုလ်သို့တမ်းတ လွမ်းစာများရေးသားသူ)
"ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ" စာအုပ်ဟာ ဆရာနောင်ကျော်ရဲ့ လက်ရာပါ။ ၈၈၈၈ အရေးအခင်း ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ရန်ကုန်တိုင်း ၄၈၂၈ ဒေသ ကော်မတီ၊ ရန်ကုန်အထွေထွေ သပိတ်တပ်ပေါင်းစုစတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ထောင်နှစ်ရှည်ကျခဲ့အပြီးမှာ သူဟာ စာအုပ်စာပေတွေ ရေးသားနေခဲ့ရှာသူပါ။ သူ့ရဲ့ "တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့" စာအုပ်ဟာ ထင်ရှားပါတယ်။ ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ စာအုပ်နဲ့ စာအုပ်ပါ ဝတ္တုတိုတွေ ဆိုရင်လည်း စာပေစီစစ်ရေးရဲ့ ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရတာပါ။ သူဟာ "ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဝှက်ဖဲ"၊ "နေရစ်တော့ မန္တလေးထောင်" ၊ "စာရေးသမား တယောက်ရဲ့ ဘဝအိမ်" ၊ "ချိုးကူသံလေးကို မလွမ်းဘူးလား အမေ" ၊ "နှလုံးသားမှာ နှင်းများ လာရိုက်ခတ်" ၊ "တောင်ပံခတ်သံတွေရဲ့ အတွေးရသများ" စာအုပ်နဲ့ သူ့ရဲ့ ဝတ္ထုတိုတွေကို ပေါင်းထုတ်တဲ့ "ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ" စာအုပ်တွေအပြင် စာအုပ်အနေနဲ့ မထုတ်နိုင်သေးတဲ့ သူ့ရဲ့ ၀တ္ထုတိုတွေလည်း ရှိနေပါသေးတယ်။
(ဆရာနောင်ကျော်ရဲ့ ငြိမ်းချမ်းရေး ပြောကြားချက်)
ဆရာနောင်ကျော်က မြန်မာပြည်မှာငြိမ်းချမ်းရေးဆိုတာ မရှိကြောင်းကို အခုလို ပြောခဲ့ပါတယ်။ ကဗျာနဲ့ ရေးပြီး ပြောတာပါ။ သူ့ကဗျာလေးကို ဖတ်ကြည့်ကြပါ။ လက်ရှိ မြန်မာပြည်ရဲ့ အာဏာသိမ်းစစ်အုပ်စု စနက် မငြိမ်းချမ်းသော ဘဝတွေကို ဆရာက ကြိုတင်ပြီး ရေးသား ပြောဆိုခဲ့သလိုပါပဲ။
"ငြိမ်းချမ်းရေးအိပ်မက်မှာ ယမ်းနံ့တွေရွာ"
‘တိုက်ပွဲတွေ ထပ်ဖြစ်မှာ မဟုတ်တော့ဘူး’တဲ့
သူ လာပြောတုန်းကပေါ့
ဝမ်းသာလွန်းလို့
‘တကယ်လား… တကယ်လား’ ဆိုပြီး
မယုံမရဲစိတ်နဲ့
နှစ်ခါတောင် ထပ်ပြီး မေးမိလိုက်သေး
‘ဒါဆို… ငြိမ်းချမ်းရေး ရပြီပေါ့နော်’လို့ ဆိုတော့
အင်း… တဲ့၊ သူက။
ပျော်လိုက်တာကွယ်
မျက်ရည်လည်အောင် ဝမ်းသာမိ
စစ်ရှောင်လမ်းမှာ သေဆုံးခဲ့တဲ့
အမ့ကိုလည်း သတိရရင်းနဲ့။
ရွာထဲ ဝင်လာတတ်တဲ့
ဟို… ယူနီဖောင်းဝတ် နှစ်ဖွဲ့လည်း
အရင်လို စစ်တိုက်ကြတော့မှာ မဟုတ်ဘူး
သကာပြုံးကိုယ်စီနဲ့ လက်ဆွဲ နှုတ်ဆက်ကြ
ယမကာခွက်ချင်း တိုက်တိုက်ပြီး
‘ငြိမ်းချမ်းပါစေ တို့တိုင်းပြည်’တဲ့
ချီးယားစ်လုပ်ရင်း ရယ်သံတွေ ပူးကပ်သွားကြ
စိတ်ကူးနဲ့ ကြည်နူးနေတုန်းမှာ
ပီတိပြုံးက ငါ့မျက်နှာပေါ် လင်းလက်လာ။
‘ဟေ့ကောင် ငနောင်
မိုးလင်းနေပြီ၊ ထတော့’
အဘရဲ့ နှိုးသံ ကြားရတယ်။
‘ပစ္စည်းတွေ စုသိမ်းထား
ဟိုဘက်ရွာနားမှာ
တိုက်ပွဲဖြစ်သံ ကြားရတယ်’တဲ့။
ဆတ်ခနဲ ထထိုင်မိလိုက်တယ်
သေနတ်သံတွေ… သေနတ်သံတွေ…
ရွာနား နီးကပ်လာပြီလား
အထုပ်အပိုး ပြင်ထားရဦးမယ်
စစ်ရှောင်လမ်းမှာ ယမ်းနံ့တွေ မြင်ရဦးမယ်
စစ်ရှောင်တော့မှာ အမေ့လို မောပြီး လဲကျ
ဘယ်သူမှ မသေကြပါစေနဲ့ဗျာ။ ။
(နောင်ကျော်)
၁၂ စက်တင်ဘာ ၂၀၁၉
(စစ်အာဏာရှင် မကြိုက်သော ရန်ကုန်တက္ကသိုလ်အကြောင်း ရေးသူ)
သွေးပလက်ဖောင်း
စာသင်ကျောင်းတို့
ရွှေ့ပြောင်း မြိုင်ရပ်နှင်သောခါ ဆိုသလို ၁၉၈၈ ကစ သေနတ်မိုး အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေလက်ထက်မှာ တက္ကသိုလ်ဆိုတာ မြို့တွေရဲ့အပြင် ဝေးကွာလှတဲ့ မြို့စွန်လယ်ကွင် အိုင်တောတွေဆီ ခက်ခက်ခဲခဲကြီးနဲ့ အချိန်ပေးပြီး သွားကပြန်ကြရ၊ ပြင်ပ စီးပွားရေးသမား ပညာရေးပွဲစားတွေက ထုတ်ထားတဲ့မေးခွန်းနဲ့ အဖြေတွေပါတဲ့ အထူးထုတ်တွေကို ကူးပြီး စာဖြေ အတန်းတက် ဘွဲ့တခုရလို့ မှတ်ယူခဲ့ကြရတာဟာ ဆယ်စုနှစ် တော်တော် များခဲ့ပါပြီ။ ၁၉၈၈ နောက်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးရုံးတွေသာ ထားပါတယ်။ ရန်ကုန် တက္ကသိုလ်အကြောင်း ဇာတ်လမ်းတွေဟာ ပြည်သူတွေ ဖတ်ခွင့်မရတော့ပါ။ ၈၈ တုန်းကလို ရန်ကုန် တက္ကသိုလ် ကျောင်သားဘဝ၊ အဆောင်နေ ကျောင်းသားဘဝ၊ ရန်ကုန်တက္ကသိုရဲ့ ကျော်ကြားတဲ့ ဂီတ အနုပညာ အားကစား စတဲ့ အားကောင်းချက်တွေကိုလည်း မျိုးဆက်သစ် လူငယ်တွေ မသိကြရတော့ပါ။
စစ်အာဏာရှင်တွေဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကို လူငယ်တွေနဲ့ အဆက်ဖြတ်ခဲ့ကြတာပါ။ ရန်ကုန်တက္ကသိုလ်ကို ဟိုတယ်နဲ့ စီးပွားရေး အဆောက်အဦတွေလုပ်ဖို့ လုပ်ငန်းရှင်တွေဆီ ရောင်းပစ်ဖို့ ကြံခဲ့ကြသေးတာပဲ။ ဒီလို စစ်အာဏာရှင် မကြိုက်သော ရန်ကုန်တက္ကသိုလ်အကြောင်း ဖော်ထုတ်ရေးသားခဲ့သူကတော့ ဆရာနောင်ကျော်ပါ။ "ကံ့ကော်ဝတ်မှုန်မိုးနှင့် ဝတ္ထုတိုများ" စာအုပ်မှာ ဆရာက အခုလို ရေးသားခဲ့တယ်။
"အီကိုကင်တင်း၏ ပုံသဏ္ဍာန်သည် ၁၉၈၈ ကာလများနဲ့ မတူတော့ပါလားဟူသော ခံစားမှုကိုရသည်။ ဤခံစားမှုက ဤကန်တင်းကို ရောက်တော့မှမဟုတ် ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲသို့ ရောက်သည့် အချိန်တိုင်းတွင် ဖြစ်လေ့ရှိသော ခံစားမှုပါ။ ယခင်နှင့်မတူသော ပြောင်းလည်းသွားသည့် အမူအကျင့်တွေကို တွေ့ရတိုင်း ၁၉၈၈ ခုနှစ် မတိုင်ခင်တုန်းက စိတ်ထဲတွင် မှတ်မိထားသော ပုံသဏ္ဍာန် အနေအထားနှင့် စိတ်ထဲမှာ နှိုင်းယှဉ်မိတတ်သည်။ ဒါသည်ပင်လျှင် ၈၈၈၈ အရေးတော်ပုံကြီးကို ဖြတ်သန်းပြီး ကျောင်းနှင့် ကင်းကွာသွားခဲ့သော မျိုးဆက်၏ စိတ်ခံစားမှု ပေတံများ ဖြစ်လေမလားဟု တွေးမိသည်။ ဂျပ်ဆင်ကင်တင်း မရှိတော့။ မာလာကင်တင်း မရှိတော့။ ဂျပ်ဆင်ဘုရား ရှိခိုးကျောင်းရှေ့မှ တောင်ငူဆောင်သို့ သွားရာလမ်းကို ပိတ်ထားသည်။ သံတိုင်ခြံဝင်းတွေတိုးများလာနေသည်။ သစ်ပုပ်ပင်ကြီးကတော့ မပြောင်းလည်း၊ သို့သော် ပင်ခြေပတ်လည်မှာ သံတိုင်တွေ ပတ်ကာထားသည်ကို တွေ့ရသည်။ သစ်ပုပ်ပင်ကြီးကိုပါ အကျဉ်းချထားကြသည်ပဲလား မပြောတတ်။ နှစ်ကာလ ကြာညောင်းလာချိန် ကျောင်းဝင်းထဲမှာ လုံခြုံရေး မျက်စေ့ဖြင့် ပြောင်းထားသော အပြောင်းအလည်းတွေကို တွေ့ရ၏။"
ဒါကတော့ စစ်အုပ်စုက ရန်ကုန်တက္ကသိုလ်ကြီးကို ဖျက်ဆီးနေပုံ မြင်ကွင်းတွေကို ဆရာနောင်ကျော် ရေးသားခဲ့တာပါ။ သူ့ရဲ့ စာတွေဟာ ၈၈၈၈ အရေးတော်ပုံ၊ ကျောင်းလှုပ်ရှားမှု၊ ဒီမိုကရေစီ တော်လှန်ရေးတွေနဲ့ ဆက်စပ် ရှက်သွယ်နေတာက များပါတယ်။ ဒါကြောင့်လည်း စစ်ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့သလို၊ သတိပေးတာတွေကိုလည်း ခံခဲ့ရသူပါ။ ကျနော်တို့ဖက်ကတော့ သူဟာ တော်လှန်ကဗျာဆရာ၊ သူဟာ သူပုန် စာရေးဆရာအဖြစ် သတ်မှတ်ခဲ့ကြတာပေါ့။
သူငယ်ချင်းရေ၊ ရဲဘော်ရေ
ငါလည်း သေရမယ့်လူပါ
ခေတ်သမိုင်းတာဝန်ကို
မင်းလောက်ကျေနိုင်ခဲ့ပါ့မလား။ ။ (နောင်ကျော်)
အထက်ပါ ကဗျာပုဒ်ပါ စာသားကလေးတွေဟာ ဆရာမောင်သာချို ကွယ်လွန်ချိန်မှာ ရေးခဲ့တာ။ အဲသည်လို ရေးသားခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ၈၈၈၈ မျိုးဆက် ကဗျာဆရာ စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၈ နှစ်ဟာ ဩဂုတ်လ ၂၁ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ လူသာသေ သည် နာမည်မသေ ဆိုတဲ့သူတွေထဲမှာ ဆရာနောင်ကျော်ပါဝင်ပါတယ်။ သူဟာ ကျောင်းသားဘဝ၊ ဆရာဘဝ၊ ၈၈၈၈ မတိုင်မီနဲ့ ၈၈၈၈ အရေးတော်ပုံကြီးကာလနဲ့ နောက်ပိုင်း ကာလ (အခုကွယ်လွန်ချိန်) အထိ ပြည်သူ့ဖက်ရပ်တည်ခဲ့သူတဦးပါ။ ဒါကြောင့်လည်း သူကွယ်လွန်တယ်လို့ စကြားရချိန်ကစ ၂၁ ရက်နေ့ တနေ့လုံး တညလုံးဟာ သူ့ဓာတ်ပုံတွေ သူ့ရေးသားခဲ့တဲ့စာအုပ်ပုံတွေ သူ့ပုံရိပ်တွေဟာ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့လာနေပါတယ်။ ဝမ်းနည်းကြောင်းစာတွေ၊ သူ့တန်ဖိုး သူ့ဂုဏ်ရည်တွေကို ပြောဆိုတဲ့စာတွေသာ မြင်နေရတယ်။ ကျနော်တို့ ၈၈ က စတင် တာထွက်လာကြသူတွေထဲမှာ နားသွားသူ၊ ငြိမ်သွားသူ၊ စစ်တပ်ဖက် ရပ်သွားသူ၊ သစ္စာဖောက်သွားသူတွေ တွေ့လာနေရချိန် ကိုဌေးသိန်းကတော့ ဦးဌေးသိန်းကတော့ ဆရာနောင်ကျော်ကတော့ သေသည်တိုင် အလံမလှဲခဲ့သူပေါ့။ သူ့အတွက် အမှတ်တရစာကို သူ့ကိုလေးစားတဲ့ သူနဲ့ ရင်းနှီးခဲ့သူတွေထဲက တဦးဖြစ်သော လူငယ်တဦးရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားတဲ့ စာကလေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ ဆရာနောင်ကျော်က အခုလို ပြောသွားခဲ့တာတဲ့။
" မင်းတို့လူငယ်တွေ လုပ်နိုင်တုန်း လုပ်နိုင်သလောက်လုပ်ကွာ၊ ငါကတော့ မင်းတို့လို မလုပ်နိုင်တော့ဘူး။ စာပဲရေးနိုင်တော့တယ်။ ဘယ်လိုဖြစ်ဖြစ် ခွေးလက်ထဲတော့ ပြန်မရောက်စေနဲ့ငါ့တူ။ အမြဲသတိရှိနော်။" လို့ အားပေးခဲ့သတဲ့။
သူ့အားပေး စကားဟာ ဒီနေ့ နွေဦးတော်လှန်ရေးလူငယ်တွေအတွက်လည်း အားဖြစ်စေမှာပါ။ ကျနော်က ထပ်ပြောလိုတာက စာပဲရေးနိုင်တယ်ဆိုတဲ့ ဆရာနောင်ကျော်ရဲ့ စာတွေကလည်းပဲ ကျနော်တို့အတွက် လမ်းမှန်ကို ပြနေတာဖြစ်ပြီး တော်လှန် ခွန်အားသစ်တွေလည်း ဖြစ်စေပါတယ်လို့။ ။
-

Bibliography

▪️ဆရာနောင်ကျော်(၁၉၅၈- ၂၀၂၅) ရေးသားပြုစုခဲ့သောစာအုပ်များ
၁။ တောင်ပံခတ်သံတွေရဲ့ အတွေးရသများ
(ဖေဖော်ဝါရီ ၂၀၁၁၊ လင်းသစ်ရောင်စဉ်)
၂။ နေရစ်တော့ မန္တလေးထောင်
(မတ် ၂၀၁၂၊ လင်းသစ်ရောင်စဉ်)
၃။ ရင့်ကျက်လွတ်လပ်စိတ်နဲ့ ယုံကြည်ခြင်း
(နိုဝင်ဘာ ၂ဝ၁၂၊ ဇွန်ပွင့်)
၄။ ဘာနိုင်ငံရေးသမားလဲ
(ဇူလိုင် ၂ဝ၁၃၊ အရှေ့ကြယ်)
၅။ လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း
(ဩဂုတ်၊ ၂၀၁၃၊ ဝတ်မှုန်မိုး)
၆။ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဝှက်ဖဲ
(ဖေဖော်ဝါရီ၊ ၂ဝ၁၄ Global Peace Group)
၇။ နှလုံးသားမှာ နှင်းများလာရိုက်ခတ်
(မေ၊ ၂၀၁၄၊ တိုးမြစ်)
၈။ ဘဝသစ်တစ်ခု၏ နိဒါန်းနှင့် နောက်ဆက်တွဲ နှစ်ကာလများ
(နိုဝင်ဘာ၊ ၂၀၁၄၊ Union Publishing)
၉။ တက္ကသိုလ်ကို မြတ်နိုးစွာ လွမ်းပြန်တော့
(အောက်တိုဘာ၊ ၂၀၁၄၊ နှစ်ကာလများ)
၁၀။ သဘောတူရင် လက်ခုပ်တီးဖို့ မမေ့ပါနဲ့
(ဖေဖော်ဝါရီ ၂၀၁၅၊ ဝတ်မှုန်မိုး)
၁၁။ ချိုးကူသံလေးကို မလွမ်းဘူးလားအမေ
(ဇန်နဝါရီ ၊ ၂ဝ၁၆၊ CDES)
၁၂။ ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ
( ဇန်နဝါရီ၊ ၂ဝ၁၇၊ လင်းသစ်ရောင်စဉ်)
၁၃။ ကျွန်တော်က စစ်အာဏာရှင်ငြင်းဆန်ရေးသမား
(ဇန်နဝါရီ၊ ၂၀၁၇၊ ခဝါလှေမွန်)
၁၄။ ကံ့ကော်ဝတ်မှုန်မိုး နှင့် ဝတ္ထုတိုများ
(သြဂုတ်၊ ၂၀၁၇၊ ခဝါလှေမွန်)
၁၅။ တစ်ခါတုန်းက နှင်းဝတ်မှုန်မိုး
(သြဂုတ် ၊၂၀၁၇၊ စာနဒီ)
၁၆။ သမိုင်းတွင်တဲ့သူ သမိုင်းဝင်တဲ့လူ
(ဇန်နဝါရီ၊ ၂၀၁၈၊ တိုးမြစ်)
၁၇။ သူ့ကဗျာတချို့ထဲမှာ ဒဂုန်တာရာကိုရှာကြည့်မိ
( မေ ၊၂၀၁၉၊ တိုးမြစ်)
စုစည်း- K.S.T
Photo credit- ပန်းချီကိုကိုနိုင်

Citation

“Naung Kyaw (နောင်ကျော်),” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2789.