Khin Zaw Myint

462619831_1294667018346925_3847869690048012040_n.jpg

Dublin Core

Subject

Description

ကဗျာဆရာ ခင်ဇော်မြင့် ၏ ကိုယ်ရေးအကျဉ်း၊ စံညိမ်းဦး၏ ဖေ့စ်ဘွတ်ကနေ ယူပါတယ်။

Source

San Nyein Oo Facebook

Person Item Type Metadata

Occupation

Biographical Text

ခင်ဇော်မြင့် (၁၉၇၀ -၂၀၂၄)

Bibliography

ခင်ဇော်မြင့်
(၁၉၇၀ -၂၀၂၄)
(ဘိုင်အိုဒေတာ အကြမ်းပါ။ ဖတ်ပြီး ပြင်၊ဖြည့် နိုင်ဖို့)

အမည်ရင်းက ''ညွန့်ဝင်း''။ အဖဦးခင်ဇော်±အမိ ဒေါ်မြင့်မြင့်(ကဗျာဆရာမ မြင့်လေးဝေ - မန်းမြေ)တို့က ၁၉၇၀ ၊ သြဂတ်လ (၄)ရက်၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့။
သားသမီး၆ ယောက်ထွန်းကားရာ (မခင်သီတာဇော်၊ ကိုဇော်ဝင်းနိုင်၊ကိုနေဝင်း (ကဗျာဆရာ ထက်တည်မြင့်)၊ညွန့်ဝင်း၊မကေသီဇော်၊ ကိုမျိုးမြင့်အောင်) ၄ယောက်မြောက် သားလတ်ဖြစ်။
မူလတန်းပညာကို အမှတ်(၄)အ.လ.က(ညောင်ပင်ဈေးကျောင်း)၊အလယ်တန်းနဲ့အထက်တန်းပညာကိုအမှတ်(၁) အ.ထ.က တို့တွင် ဆည်းပူးခဲ့။
ကဗျာနဲ့ကဗျာရေးသားခြင်းကို
ငယ်စဉ်ကတည်းက သက်ဝင်ခဲ့။
၁၉၉၂၊ တရားမဝင်ထုတ်ဝေဖြန့်ချိ၊''အင်ကြင်းရောင်ပင်လယ်သေကမ်းခြေ''ဖယောင်းလှိမ့်၊စာကူးမှင်နှိပ် ကဗျာစာအုပ်ကို သူငယ်ချင်းဖြစ်တဲ့ အိမ်အိုညီ(စံညိမ်းဦး)နဲ့နှစ်ယောက်တွဲ ထုတ်ဝေခဲ့။ ထိုစဉ်က ကလောင်အမည်မှာ "မိုးစနေ"ဖြစ်။
၁၉၉၅၊ ဆရာမောင်သင်းခိုင်၊ဆရာမောင်ချောနွယ်တို့ကိုအမှူးထား၊ မကွေးသား ကဗျာဆရာတွေဖြစ်တဲ့ ထက်သစ်၊လေပြေသုန်၊ရိုးသက်၊တို့စီစဉ်တဲ့ ''အနှစ်စိမ်း''ကဗျာမဂ္ဂဇင်းကို စာမူများစတင်ပို့။၁၀ဇန္နဝါရီ၊၁၉၉၅ နေ့စွဲနဲ့ ကဗျာများရွေးချယ်ထားကြောင်း ပြန်စာရရှိ။(''အနှစ်စိမ်း''ကဗျာမဂ္ဂဇင်းမှာ နောင်တွင် ''ကဗျာနဲ့ကဗျာခံစားမှုဆောင်းပါးများ'' စာအုပ်ငယ်အနေနဲ့သာ ထွက်ရှိခဲ့။ စီစဉ်သူအဖြစ် ကဗျာဆရာဝေဖြိုးအေး ပါဝင်ခဲ့)။ထိုစဉ်က ကလောင်အမည် ''သလင်းဦး''ဖြစ်။
၁၉၉၆၊ နိုဝင်ဘာ၊ သောင်းပြောင်းထွေလာရယ်စရာမဂ္ဂဇင်း( အယ်ဒီတာ-ကောက်နွယ်ကနောင်)မှာ ဖော်ပြတဲ့ ''ညနေ''ကဗျာဟာ ပထမဆုံး ပုံနှိပ်စာမူဖြစ်။
၁၉၉၆၊ တရားမဝင်ထုတ်ဝေဖြန့်ချိ၊ ကဗျာဆရာ ဝေးခေါင် စီစဉ်တဲ့ ''အချစ်'' ကဗျာစာအုပ်မှာ အခြားကဗျာဆရာများနဲ့အတူ ဖော်ပြခဲ့။( ထက်တည်မြင့်၊ဝေးခေါင်၊ဟိန်းမြတ်ဇော်၊ညိုမင်းထက်၊နိုင်းနိုင်၊စန်းယု၊ခင်ဇော်မြင့်၊စံညိမ်းဦး၊ထွဋ်မြတ်၊စသဖြင့်တို့နဲ့)။
၁၉၉၇၊တရားမဝင်ထုတ်ဝေဖြန့်ချိ၊ကဗျာဆရာ ဇော်အေးမြ စီစဉ်တဲ့' 'စကားလုံးများရဲ့အော်ပရာ '' ကဗျာစာအုပ်မှာ အခြားကဗျာဆရာများနဲ့အတူ ဖော်ပြခဲ့။
( ဟိန်းမြတ်ဇော်၊နိုင်းနိုင်၊ဇော်အေးမြ၊ဝေးခေါင်၊စံညိမ်းဦး၊ခင်ဇော်မြင့်၊ N-မင်းထက်)
အစောပိုင်းကာလတွေမှာ ''သောင်းပြောင်းထွေလာ ရယ်စရာ''မဂ္ဂဇင်း (အယ်ဒီ တာ-ကောက်နွယ် ကနောင်)၊''မြားနတ်မောင်'' မင်္ဂလာမမဂ္ဂဇင်း( အယ်ဒီ တာ-လွဏ်းဆွေ)၊''ရနံသစ်''မဂ္ဂဇင်း( အယ်ဒီတာ-ချစ်ဝင်းမောင်)၊''ရုပ်ရှင်တေးကဗျာ''မဂ္ဂဇင်း (အယ်ဒီတာ-ချစ်မောင်-အဝကျွန်း/ကဗျာအယ်ဒီတာ-မောင်သင်းခိုင်)၊''စတိုင်သစ်''မဂ္ဂဇင်း (အယ်ဒီတာ-အောင်စိုးသူ)၊''သရဖူ'' မဂ္ဂဇင်း(အယ်ဒီတာ- ငြိမ်းအေးအိမ်)တို့ရဲ့မဂ္ဂဇင်း များတွင် ရေးသားဖော်ပြခဲ့။
နောက်ပိုင်းတွင်''မန္တလေးအိုင်ကွန်'' မဂ္ဂဇင်း (အယ်ဒီ တာ-နိုင်းနိုင်)၊''ပိတောက်ပွင့်သစ်''မဂ္ဂဇင်း (အယ်ဒီ တာ-မောင်စိမ်းနီ၊ မောင်တင်သစ်)၊''လရောင်လမ်းချိုး(အယ်ဒီတာ- ကိုအိမ့်၊လွိုင်လွမ်း) ''မဂ္ဂဇင်း၊ရေဦးမဂ္ဂဇင်း၊''အောင်ပင်လယ်'' မဂ္ဂဇင်း (အယ်ဒီတာ-ကိုရိုးကွန့်၊ ကဗျာအယ်ဒီတာ-နေမျိုး၊ စံညိမ်းဦး)၊''ကဗျာ'' မဂ္ဂဇင်း( နာယက-ပိုင်စိုးဝေ၊အယ်ဒီတာအဖွဲ့ - မာန်ထက်သာ၊မင်းနဒီခ၊မောင်နိုင်လင်း-ကောလင်း၊ အွန်လိုင်းတာဝန်ခံ/ပြင်ပဆက်သွယ်ရေး-ထွဏ်းသွေး အိမ်၊နေမိုး၊ညီမင်းဝေ၊ ဧလွန်၊ကလင့်-မန္တလေး၊သုလှိုင်ထွန်း)၊''ကဗျာ့အသံ''( စီစဉ် - ကြည်ဇော်အေး၊ ဇေလင်းမောင်)၊ ''ကဗျာလောက''(စီစဉ်-ဇေယျာလင်း၊ဝေးခေါင်၊မိုးဝေး)၊ ''မြစ်'' မဂ္ဂဇင်း( ပျဉ်းမနား၊ အလယ်ရိုးမ) စသဖြင့် တို့တွင် ရေးသားဖော်ပြခဲ့။
၂၀ဝ၆၊လပွတ္တာမြို့နယ်၊စာပေချစ်မြတ်နိုးသူများက ''ရသကမ်းခြေ''၊ ၂၀ဝ၆ ဒုတိယနှစ် ဂိမန္တ အကြိုက်ဆုံးကဗျာအဖြစ်
၂၀ဝ၅၊မေလ၊ အမှတ် ၄ ၊ပိတောက်ပွင့်သစ်မဂ္ဂဇင်းပါ ''ဒီကမ္ဘာနဲ့ဇီဇဝါ''ကဗျာကို ချီးမြှင့်ဂုဏ်ပြု။
၂၀၁၉၊မတ်၂၁၊ ကျင်းပ ကမ္ဘာ့ကဗျာနေ့နဲ့ ကဗျာ ဆရာမောင်သင်းခိုင်မွေးနေ့၊ ၂၀၁၈အတွက် ''ဒီနေ့နေ့စွဲ''ကဗျာနဲ့ ''အလယ်ရိုးမခေတ်ပေါ်ကဗျာဆု''။
၂၀၁၉၊ နတ်မောက်ကဗျာဆု၊ရိုးရှင်းစွာ နေထိုင်ရှင်သန်မှုအတွက် လေးစားချစ်ခင် အသိအမှတ်ပြုသောအားဖြင့်"ရိုးရှင်းမှု" ဆု။
၂၀၁၉၊ ''ငရဲနဲ့နိဗ္ဗာန်''ကဗျာနဲ့
လားရှိုး၊''လရောင်လမ်းချိုးကဗျာဆု''။
၂၀၁၉ ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း၏
''ကဗျာဆရာဘဝဖြတ်သန်းမှု''အထူးဆု။
၂၀၁၉၊ ရန်ကုန်ကဗျာဆု။

၂၀ဝ၁၊စက်တင်ဘာ၊အားမာန်သစ်စာပေထုတ် (ကဗျာဆရာ အောင်ဝေး စီစဉ်ဟု ယူဆ)''ခေတ်ပေါ်ကဗျာဆရာ - ၁၀'' ကဗျာစာအုပ် မှာ အခြားကဗျာ ဆရာ ၉ယောက်( Kမြနွယ်၊ခင်ဇော်မြင့်၊စံညိမ်းဦး၊စည်သူငြိမ်း၊မိုးဝေး၊မြတ်၊လင်းတည်ဦး၊ဝေးခေါင်၊ဝင်းမြင့်၊အေးမင်းစော)တို့ နဲ့ ဖော်ပြခဲ့။ထင်ရှားတဲ့စာအုပ်ဖြစ်ခဲ့။
၂၀၁၄၊ ဇန္နဝါရီ ၊ နှစ်ကာလများ စာပေ ထုတ်ဝေ
''ခြောက်လုံးပတ်'' ကဗျာစာအုပ်( ကဗျာဆရာ ဧလွန် စီစဉ်၊ကဗျာဆရာ၅ယောက်( ခင်ဇော်မြင့်၊မောင်နိုင်လင်း-ကောလင်း၊စံညိမ်းဦး၊မင်းနဒီခ၊မိုးရင်ကြယ်)မှာ ပါဝင်ဖော်ပြခဲ့။
၂၀ဝ၄၊အောက်တိုဘာ၊''အညာသားယဉ်ကျေးမှု '' စာအုပ်တိုက်က(ပထမအကြိမ်)ထုတ်ဝေ၊''ကဗျာ ၂၁ ပုဒ် ''ကဗျာစာအုပ်၊တကိုယ်တော်လုံးချင်းကဗျာစာအုပ်၊(ဒုတိယအ​ကြိမ်)၂၀၁၉ ဇွန်၊ နှစ်ကာလများစာပေ။
၂၀၂၂၊ မတ်၊နှစ်ကာလများစာအုပ်တိုက်ကထုတ်ဝေ
''လွမ်းခန်း'' (ဟိန်းမြတ်ဇော်၊ခင်ဇော်မြင့်၊စံညိမ်းဦး)
ကဗျာစာအုပ်။
၂၀၂၄၊စက်တင်ဘာ၊ ဝိုင်းမော်စာအုပ်တိုက်က ထုတ်ဝေ၊ ''ကဗျာ''(ထက်တည်မြင့်၊ခင်ဇော်မြင့်)ကဗျာစာအုပ်၊ အစ်ကိုဖြစ်သူနဲ့ ပူးတွဲပြီး ရေးသားခဲ့။စာအုပ်မှာ မိခင်ဖြစ်သူကို ရည်ညွှန်း ဖော်ပြခဲ့။
ခင်ဇော်မြင့် အမည်မတိုင်ခင်က အသုံးပြုခဲ့တဲ့ကလောင်တွေက မိုးစနေ၊ သလင်းဦး ဖြစ်။
(အမိနဲ့အဖ အမည်များကို ယူကာ ''ခင်ဇော်မြင့်''ကလောင်အမည်နဲ့ကဗျာများရေးခဲ့။)
အိမ်နာမည်ကို ငယ်စဉ်က သောက်ခဲ့တဲ့ ကျောက်တိုင်တံဆိပ် ကော်ဖီမှုန့် ကိုအ စွဲပြု ပြီး ''ကျောက်တိုင်''လို့လည်းတွင်ခဲ့။
မိသားစု ညီအစ်ကို မောင်နှမသားချင်းများရဲ့ မေတ္တာကိုကွယ်လွန်သည်အထိ အပြည့်အဝ ရရှိခဲ့။

၂၀၂၁နောက်ပိုင်းတွင် လည်းချောင်း ကင်ဆာဝေဒနါကို ပြင်းထန်စွာခံစားခဲ့ရ။ ခွဲစိတ်မှု၊ဓါတ်ရောင်ခြည်ကုသမှုများကို ဆောင်ရွက်ခဲ့။လည်ပင်းမှ ဖောက်လျှက် အစာသွင်းရတဲ့အခြေအနေကိုခံစားခဲ့ရ။အစာမစားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း များကို သည်းထန်စွာခံစားခဲ့ရ။
၁၃၈၆ ခုနှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်
၂၀၂၄၊ အောက်တိုဘာ ၁၀၊( ကြာသပတေးနေ့)
ညနေ ၅နာရီအချိန်မှာ သူချစ်တဲ့မိသားစု၊ သူချစ်တဲ့ သူငယ်ချင်းများ ၊မိတ်ဆွေများနဲ့ သူချစ်တဲ့ ကဗျာလောကကို ကျောခိုင်းထားရစ်ခဲ့။ မိခင်ဖြစ်သူနောက်ကို လိုက်ပါသွားခဲ့။
ဒဂုန်တာရာ၊ဖော်ဝေး၊အောင်ချိမ့်၊မောင်ချောနွယ်၊သုခမိန်လှိုင် ၊ ပိုင်စိုးဝေ စသဖြင့်တို့ကို နှစ်သက်။
ခင်ဝမ်း၊မွန်းအောင်၊ခင်မောင်တိုး၊ခိုင်ထူး၊ရာပြည့်၊ကိုနေဝင်း၊ကိုရဲလွင်၊မင်းမင်းလတ်၊ဘိုတောက်၊ဟယ်ရီလင်း၊ ပလေးဘွိုင်သန်းနိုင်၊တို့မှာ သူအနှစ်သက်ဆုံး ဂီတအနုပညာရှင်များဖြစ်။
မဂ္ဂဇင်း၊စာစောင်များ၊ စာအုပ်များမှာ ရေးသားဖော်ပြပြီးတဲ့ကဗျာများ၊အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ကဗျာများ၊ဘယ်နေရာမှာမှ မဖော်ပြရသေးဘဲ ရေးသားခဲ့သောကဗျာများ ရှိခဲ့ပြီး အများသိတဲ့ ကဗျာက ပုဒ်ရေ ၁၀ဝ ကျော်ခန့်ရှိမယ် ယူဆရ။ ထားရစ်ခဲ့တဲ့ ကျန်ရှိ ကဗျာများအပါဝင်နဲ့ စုစုပေါင်းကို ခန့်မှန်းမရသေး။ကဗျာပေါင်းချုပ်ထွက်ရှိဖို့ အများက သဘောထားပေးခံရသူလည်းဖြစ်။
ဘဝတသက်တာလုံး ကဗျာနဲ့အသက်ရှူ၊ကဗျာနဲ့နေထိုင်၊ကဗျာနဲ့ ထွက်ခွာသွားသူဖြစ်ပြီး ရိုးရှင်းသောဘဝနေထိုင်မှု၊ ရိုးဖြောင့်သော စိတ်နေသဘာဝကြောင့် လူချစ်လူခင်များပြားခဲ့။
ကဗျာနဲ့ပတ်သက်ပြီး အနုပညာတန်ဖိုးကြီးမားသလို ကိုယ်ပိုင်ဟန်တခု တည်ဆောက်နိုင်ခဲ့ပြီး ၊ သူ့ခေတ်ပြိုင်မျိုးဆက်များကြားမှာသာမက သူ့ ရှေ့ကမျိုးဆက်၊သူ့ နောက်ကမျိုးဆက်များကြားမှာပါ ထင်ရှားသူဖြစ်။ နှစ်သက် ချစ်ခင်ခြင်းခံရသူဖြစ်။
''ကျွန်တော်တို့ ကဗျာစီးဆင်းပုံက မေ့ချန်ထားလို့ မရဘူး။ ရန်ကုန်ဆိုရင် ကိုအောင်ချိမ့်တို့က စပြီး စီးဆင်းလာခဲ့ကြတာ။ မန္တလေးကဆိုရင်လည်း ပိုင်စိုးဝေတို့က စပြီး " အီကွေတာ အော်သံ " တို့ ဘာတို့က စပြီး နောက်မျိုးဆက်သစ်တွေ မွေးဖွားလာကြတာပဲ။ နေမျိုးတို့က စပြီး စံညိမ်းဦး၊ ခင်ဇော်မြင့်၊ ဝေးခေါင်၊ ဟိန်းမြတ်ဇော်တို့ အထိပါပဲ။'' လို့
ကွယ်လွန်သူ ကဗျာဆရာ လှသန်း (၁၉၆၃ -၂၀၁၁)က "လက်မောင်သွေးကို ဖောက်ကြည့်ခြင်း "ဆိုတဲ့ (ကဗျာ ဆရာ/အယ်ဒီတာ - ကောက်နွယ်ကနောင်နဲ့ အင်တာ ဗျူးတခုမှာ ထည့်သွင်းပြောကြားခဲ့။
###

အတိအကျမရသေးလို့
ဖြည့်ရမှာတွေ...
၁။
''မနေ့က ကြားတဲ့ သီချင်းသံ''
တရားမဝင်ထုတ်ဝေ၊စုပေါင်းကဗျာစာအုပ်
( ခင်ဇော်မြင့်၊ညိုမင်းထက်၊ညီမိုးအေး၊ထွဏ်းသွေးအိမ်၊စံညိမ်းဦး၊ကိုနှောင်း၊မျက်ရည်၊မှုန်းပြာမိုး၊လူသစ်၊ညီယွန်းပိုင်၊မျိုးနေနွယ်)

ပါဝင်နာမည်တွေ အပြည့်စုံနဲ့
နဲ့ ထုတ်ဝေ ခုနှစ် လိုအပ်။
၂။
''ဖွင့်ဆိုမထားတဲ့လရောင်''
တရားမဝင်ထုတ်ဝေ စုပေါင်းကဗျာစာအုပ်
( ခင်ဇော်မြင့်(ပေါက်ပန်းလေးဆယ်)
၊ညိုမင်းထက်(မန္တလေးကိုလွမ်းတဲ့အခါ.. ???)
၊နိုင်းနိုင်( အသိုက်)၊ မှုန်းပြာမိုး၊ မိုးထက်နေ၊ ပိုင်ဦးငယ်၊ ညီမိုးအေး၊ထွဏ်းသွေးအိမ်၊ကိုနှောင်း၊အိုက်လူအောင်၊ညီယွန်းပိုင်၊လူသစ်၊မျိုးနေနွယ်၊သွေး- စစ်ကိုင်း)

ပါဝင်နာမည်တွေ အပြည့်စုံနဲ့
နဲ့ ထုတ်ဝေ ခုနှစ် လိုအပ်။
၃။
''၁၉၉၇ မဂ္ဂဇင်းလက်ရွေးစဉ်ကဗျာများ''
(ကိုအောင်ဝေး စီစဉ်တယ်ထင်၊ရာပြည့်က ထုတ်တာ၊ ခေါင်းစဉ်အနည်းငယ်လွဲနိုင်၊ ထုတ်ဝေ ခုနှစ် နဲ့အမည်မှန်သိလိုပါတယ်။)
၄။
စိတ်ကူးချိုချိုထုတ်
''ခေတ်ပြိုင်ကဗျာများ ၆၀:၁၅:ဝ၃ ''
ထုတ်ဝေနှစ်????
၅။
ကျော်မွှေးတိုက်ထုတ်
''နှစ်ဆယ် နှစ်ဆယ်''
ခေတ်ပြိုင်ကဗျာ အနည်းငယ်
ထုတ်ဝေနှစ်????
၆။
''ဆောင်းမှာပွင့်တဲ့နေ''
(ကဗျာချစ်သူများ၏ ဝတ္ထုတို အစုအဝေး)
စုပေါင်း စကားပြေစာအုပ်
(သူ့ရဲ့ထင်ရှားတဲ့ ''အမေပြောခဲ့တာတွေ''စကားပြေ ဖော်ပြ)
ထုတ်ဝေခုနှစ် ??
၇။
ခင်ဇော်မြင့် ပါဝင်ခဲ့သော ကဗျာစာအုပ်များ ရှိသေးပါက
အ​ပြည့်အစုံ ပြောပြပေးပါရန်နှင့် ဖြည့်စရာ၊ပြင်စရာ များ၊ ပယ်စရာနဲ့ စာမချောမှုများ၊အထားအသိုများ ကိုထောက်ပြပေးပါရန်၊
အကြမ်းခြစ်ထားတာမို့
သည်းခံပါရန်
လေးနက် လေးစားစွာ အသိပေးလိုပါတယ်။ အချိန်တိုတိုနဲ့ ရှာဖွေစုစည်းရတာမို့ အမှားပါနေနိုင်မှာပါ။
အကြမ်းဖြစ်တာမို့ ကော်ပီယူခြင်းသီးခံပါဦးလို့
စကားဆိုပါရစေ။
ကူပေးစေလို။

Citation

“Khin Zaw Myint,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2784.