ဒေါက်တာတင်လှိုင် ၈၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ - ရေး သန်းထိုက်အောင်
Dublin Core
Subject
Description
အဘိုးကြီး ဘိုးလှိုင်
(ဒေါက်တာတင်လှိုင် ၈၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ)
ပြီးခဲ့တဲ့မတ်လက သမိုင်းဘာသာရပ်အတွက် စာတအုပ် ရေးဖြစ်ခဲ့ပါတယ်။ ကျနော့်ဘဝအတွက် အရေးကြီးတဲ့ မှတ်တိုင်တခုပါ။ ကျနော့်ဘာသာရပ် သမိုင်းအတွက် ကျနော်တတ်နိုင်သမျှ တစွန်းတစပါဝင်ရင်း ကျေးဇူးဆပ်တယ်လို့ပဲ ခံယူထားပါတယ်။ ကျနော် ပြုစုဖြစ်တဲ့စာအုပ်နာမည်က "မြန်မာ့သမိုင်း ကျောင်းသုံးဖတ်စာအုပ် ပြုစုနည်း လမ်းညွှန်နှင့် ကိုးကားကျမ်းညွှန်း" ။
အချိန်အကန့်အသတ်နဲ့ လုပ်ရမယ့်ဝန်တာတွေအရ စာအုပ်ကို တလအတွင်း တွန်းပြီး အပြီးရေးလိုက်ရပါတယ်။ အားမရသေးပေမယ့် နောင်မှသာ ပြန်လည့်ဖြည့်တင်းပြီး တည်းဖြတ်ဖြည့်စွက်တာတွေ လုပ်ရတော့မယ်လို့ စိတ်ပိုင်းဖြတ်ရပါတယ်။ သမိုင်းကျောင်းသုံးဖတ်စာအုပ် ပြုစုနည်းသင်တန်းတခုကလည်း ဧပြီလဆန်းမှာ စရတော့မှာကိုး။ စာအုပ်ကို လက်စဖြတ်ပြီးတဲ့အခါ သင်တန်းကို ကမကထလုပ်သူ ဆရာတယောက်နဲ့ ဆရာဒေါက်တာသိန်းလွင်ဆီ မတ်လ ၂၅ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။ ဆရာသိန်းလွင်ဆီကို ပေးပို့ခဲ့တဲ့ ရည်ရွယ်ချက်က စာအုပ်အတွက် အမှာစာရေးပေးဖို့ပါ။
ကျနော် အမှာစာတောင်းခံတဲ့ ဒေါက်တာသိန်းလွင်ဆိုတာ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ဦးစီးဦးဆောင်ပြုရင်း ပြည်သူလူထုထံမှ ဆင်းသက်လာသော ပညာရေးမူဝါဒ ပေါ်ပေါက်လာစေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ၊ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းပါရဂူ ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ပဲ ဖြစ်ပါတယ်။ ဒေါက်တာသိန်းလွင်ဟာ အင်္ဂလန်နိုင်ငံ နယူးကာဆယ်တက္ကသိုလ်ကနေ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းဖွံဖြိုးရေး ဘာသာရပ်တွေနဲ့ ပညာရေးပါရဂူဘွဲ့ ရရှိခဲ့သူပါ။ သူဟာ ဝေဖန်ပိုင်းခြား စဉ်းစားခြင်းကို မြှင့်တင်တဲ့ သင်ကြားနည်းစနစ်ဖြစ်တဲ့ RWCT (Reading, Writing & Critical Thinking) နည်းစနစ်တွေကိုလည်း သင်ကြားပို့ချဖြန့်ဝေပေးနေတာ နှစ်ပေါင်းအစိတ်ကျော် ကြာခဲ့ပါပြီ။ ကျနော်က ဆရာသိန်းလွင်ဆီ စာအုပ်အတွက် အမှာစာရေးပေးဖို့ မဝံ့မရဲနဲ့ တောင်းဆိုတဲ့အခါ ဆရာသိန်းက နိဒါန်းကစပြီး အခန်း ၆ ခန်းအတွက် တခန်းစီကို သုံးသပ်ဝေဖန်အကြံပြုချက်တွေနဲ့ A-4 စာမျက်နှာ ၄ မျက်နှာအပြည့် အမှာစကားအရှည်ကြီးရေးပြီး ချီးမြှင့်ခဲ့ပါတယ်။
ဆရာဒေါက်တာသိန်းလွင်ရဲ့ အမှာစကား ပထမဆုံးစာပိုဒ်ကို ပြန်လည်ဖော်ပြပါရစေ။
"ဤ 'မြန်မာ့သမိုင်း ကျောင်းသုံးဖတ်စာအုပ် ပြုစုနည်း လမ်းညွှန်နှင့် ကိုးကားကျမ်းညွှန်း' စာအုပ်သည် ယနေ့ခေတ် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းနှင့် အလွန်ကိုက်ညီသည်ကို တွေ့မြင်ရပါသည်။ စာရေးသူ ဦးသန်းထိုက်အောင်နှင့် ကျွန်တော်တို့သည် ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သော မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုအချိန်ကတည်းက အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြပြီး ရင်းနှီးခင်မင်လာခဲ့ကြပါသည်။ ထိုကာလများတွင် သူသည် တက္ကသိုလ်ဆရာအသင်းများ (RC of UTAs) ကို ကိုယ်စားပြုကာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တွင် အရေးပါသော အခန်းကဏ္ဍဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ထို့အပြင် သမိုင်းဘာသာရပ်တွင် အထူးစိတ်အားထက်သန်မှုရှိပြီး အတွေ့အကြုံကြွယ်၀သည့် တက္ကသိုလ်ဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှုများတွင်ပါဝင်ခဲ့ပြီး ယနေ့တွင် မိသားစုနှင့်၀ေးရာတွင် နေထိုင်နေရသော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်ကိုလည်း ဤစာအုပ်မှတဆင့် ထင်ရှားစွာ တွေ့မြင်ရပါသည်" တဲ့။
ဆရာ့အမှာစကားက လွမ်းရပါတယ်။ မိသားစုကို လွမ်းတယ်။ အိမ်ကို လွမ်းတယ်။ NNER ကို လွမ်းတယ်။ ဒီဘက်နှစ်တွေအတွင်းမှာ တက္ကသီလာရဲ့အဝေးတနေရာ ရောက်နေခဲ့ရပြီး စာသင်ကြားခြင်းကို စွန့်လွှတ်ခဲ့ရတယ်။ အခုနောက်ပိုင်း ဘဝရဲ့ကျန်နေသေးတဲ့ အစိတ်အပိုင်းမှာ စာသင်ကြားခြင်းကို လုံးဝစွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီးခဲ့ပေမယ့် သုတေသနအလုပ်ကိုတော့ နိစ္စဓူဝ လုပ်ဖြစ်နေခဲ့တယ်။ ဒီအခါ စာရေးခြင်းဟာ ကျွဲကူးရေပါဖြစ်လာတော့ နေ့စဉ် စာရေးဖြစ်နေခဲ့တယ်ပေါ့။ သုတေသနလုပ်၊ စာရေးတာမှာ မွေ့လျော်ရင်း ကြိုးကြားကြိုးကြား ကိုယ့်ဝါသနာအရ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းကို သူတို့မွေးနေ့တွေမှာ မုဒိတာစာလွှာလေးတွေလည်း ရေးဖြစ်နေခဲ့တယ်။ မိသားစု ဆွေမျိုးညာတကာ မိတ်ဆွေရောင်းရင်းတွေ၊ လေးစားအားကျရသူ ပုဂ္ဂိုလ်လူကျော်တွေရဲ့အကြောင်း မုဒိတာစာလွှာ သောင်းပြောင်းထွေရာ ရေးဖြစ်နေခဲ့တာတောင် ငါးနှစ်သာသာ ရှိခဲ့ပါပြီ။
ကျနော့်ဘဝရဲ့ တဆစ်ချိုး ဆရာများသမဂ္ဂကိုယ်စားလှယ်အနေနဲ့ NNER မှာ ကျင်လည်ခဲ့ရစဉ် လေးစားအားကျခဲ့ရသူ လူကြီးလူငယ်တွေရဲ့အကြောင်းကိုလည်း သူတို့သူတို့ရဲ့ မွေးနေ့တွေမှာ ရေးဖြစ်နေခဲ့တယ်။ လူကြီးပိုင်းပြောရရင် ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်၊ နာယကလူကြီးတွေဖြစ်တဲ့ ဆရာနိုင်ငွေသိန်း၊ ဆရာဘိုးသိမ်း (ဒေါက်တာမင်းသိမ်း)၊ ဆရာတာ (စာရေးဆရာ ကိုတာ ခေါ် ဒေါက်တာသန့်လွင်မောင်)၊ ဆရာတင်အောင် (ဒေါက်တာတင်အောင်) ငါးယောက်ရှိခဲ့ပြီ။ အလွန်းသင့်ခဲ့ရတဲ့ မခမမက သိက္ခာတော်ရဆရာသိန်းလွင်၊ ဒေါက်တာအောင်မြင့်၊ သိက္ခာတော်ရဆရာကျော်ထွန်းလင်း၊ ဆရာစောလားဆေး၊ ဆရာထာအုပ်တို့အကြောင်းတွေလည်း အကြောင်းသင့်ရင် ရေးချင်နေသေးတယ်။ ဒီနေ့တော့ ဆရာဘိုးလှိုင် (ဒေါက်တာတင်လှိုင်) အကြောင်း ရေးပါတော့မယ်။ သူ့အကြောင်း နည်းနည်း၊ ကိုယ့်အကြောင်း များများ၊ ဒေါက်တာသန်းထွန်း ပြောသလို "ပါပင်ပါငြား ငါကများ" ပေါ့။ ဒီကနေ့ဟာ ဆရာဘိုးလှိုင်ရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ပါ။ NNER ရဲ့ နာယကကြီး ကျနော်တို့အတွက် အဘိုးအနဂ္ဃထိုက်သူ အဘိုးကြီး ဘိုးလှိုင်အကြောင်း တစုံတရာတော့ ရေးပါရစေလား။
ဆရာဘိုးလှိုင်ရဲ့ နာမည်ရင်းက ဦးတင်လှိုင်။ ပါရဂူဘွဲ့ရတော့ ဒေါက်တာတင်လှိုင် ဖြစ်သွားတာပေါ့။ စာရေးတဲ့အခါ ကလောင်နာမည် "ဘိုးလှိုင်" လို့ ယူထားတာက ယောမင်းကြီးကို အားကျဟန်တူရဲ့။ သူ့ရဲ့ဇာတိက မုံရွာခရိုင် အရာတော်မြို့နယ် သခွတ်ပင်လည်ရွာ။ မိဘတွေက ဦးသိန်းမောင်၊ ဒေါ်အေးတင်။ ၁၃ ဧပြီ ၁၉၄၁ မှာ ဖွားမြင်တယ်။ ငယ်တုန်းက ရွာမြောက် ရွှေသိမ်တော်ကျောင်းဆရာတော် ဦးခန္တီမရဲ့ ကန့်ကူလက်လှည့်တပည့် ဖြစ်ခဲ့တယ်။ မန္တလေး ဒိုင်အိုစီဇင် သံတဲ အထက်တန်းကျောင်းမှာ ၁၉၅၁ ကနေ ၁၉၅၈ အထိ ပညာဆည်းပူးခဲ့တယ်။ ၁၉၆၃ မှာ မန္တလေးတက္ကသိုလ်ကနေ ရူပဗေဒဘာသာ သိပ္ပံ (ဂုဏ်ထူးတန်း) ဘွဲ့ကို ရရှိခဲ့တယ်။ ၁၉၇၂ မှာ ဗြိတိသျှ ကောင်စီ (ကိုလံဘို စီမံကိန်း) စကောလားရှစ်ရပြီး လန်ဒန်တက္ကသိုလ်မှာ ဘွဲ့လွန်တက်ရောက်ခဲ့တာ မဟာသိပ္ပံ M. Sc. (Nuclear and Particle Physics) ဘွဲ့ကို ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ၁၉၇၇ မှာ Positron Annihilation in Metals သုတေသနကျမ်းကို Thesis တင်ပြီး လန်ဒန်တက္ကသိုလ်ကနေ Ph. D. ပါရဂူဘွဲ့ ရတော့ သူအသက်က ၃၆ နှစ်ပဲရှိသေးတယ်။
တက္ကသိုလ်ကျောင်းဆရာအနေနဲ့ မန္တလေးတက္ကသိုလ်၊ မကွေးကောလိပ်၊ ရန်ကုန်တက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်တို့မှာ နှစ် ၃ဝ ကျော် ရူပဗေဒကျောင်းဆရာလုပ်ခဲ့တယ်။ ၁၉၉၅ မှာ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနကို ရွှေ့ပြောင်းပြီး ညွှန်ကြားရေးမှူးတာဝန် ထမ်းခဲ့တယ်။ ၁၉၉၇ မှာ အဏုမြူစွမ်းအင် ဦးစီးဌာနကို ဦးစီး တည်ထောင်ခဲ့ပြီး၊ ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတယ်။
ဒေါက်တာတင်လှိုင်ဟာ ၁၉၉၉ မှာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညီလာခံကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အနေနဲ့ တက်ရောက်ခဲ့တယ်။ ညီလာခံ ၅ ကြိမ်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အနေနဲ့ တက်ခဲ့တယ်။ ၁၉၉၇ - ၉၈ မှာ RCA လို့ခေါ်တဲ့ အာရှ - ပစိဖိတ်ဒေသ ၁၇ နိုင်ငံ ပါဝင်တဲ့ နယူကလီယာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဒေါက်တာတင်လှိုင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့တယ်။ အဲဒီအဖွဲ့ရဲ့ ကော်မတီ အတော်များများမှာ တာဝန်ယူ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ဒေါက်တာတင်လှိုင်ဟာ ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ အချိန်ပိုင်း ပါမောက္ခ အဖြစ် ငါးနှစ်သင်ကြားခဲ့တယ်။ ၂၀၀၁ မှာ အငြိမ်းစားယူပြီးတဲ့နောက် မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့ရဲ့ အလုပ်အမှုဆောင် အဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါတယ်။ နယူးယောက် သိပ္ပံအကယ်ဒမီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၂၀၁၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဟံသာမြင့်၊ ဒေါက်တာသိန်းလွင်၊ ဆရာတာ (ဒေါက်တာသန့်လွင်မောင်)၊ ကိုမိုးဇော်ဦးတို့နဲ့တူ ဆရာဘိုးလှိုင်ကို ပညာရေးကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ အဲဒီကနေ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုတွေမှာ ဆရာသိန်းလွင်တို့၊ ဆရာတာတို့နဲ့အတူ ဦးဆောင်ပါဝင်လာရင်း NNER (National Network for Education Reform) လို့ခေါ်တဲ့ "ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်" မှာ နာယကလူကြီး ဖြစ်လာခဲ့တာပါ။
ဆရာဘိုးလှိုင်နဲ့ကျနော် NNER မှာ ဆုံဖြစ်ခဲ့ကြတော့ ဆရာသိန်းလွင်တို့၊ ဆရာဘိုးသိမ်းတို့၊ ဆရာတာတို့လောက် ကျွမ်းဝင်ရင်းနှီးမှုမျိုး မရှိခဲ့ပေမဲ့ ဆရာနဲ့ ကြုံဆုံခဲ့ရတဲ့ထဲက အမှတ်တရဖြစ်ရပ်ကလေးနှစ်ခုကိုတော့ သတိရမိနေသေးတယ်။ ပထမတကြိမ်က စိန်ရတုခန်းမမှာ ၁ ဖေဖော်ဝါရီ ၂၀၁၅ နေ့က ပထမဆုံးအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာပေါ့။
အမျိုးသားပညာရေးဥပဒေ (၂၀၁၄) ကို အတင်းအဓမ္မပြဋ္ဌာန်းလိုက်တာကြောင့် စတုတ္ထကျောင်းသားသပိတ်ဖြစ်ပြီး ကျောင်းသားတွေ မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်လမ်းလျှောက်သပိတ်မှောက်ကြတယ်။ အစိုးရက ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြတာကိုပဲ ရပ်စေချင်လို့ ကျောင်းသားတွေတောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေ လုပ်ပေးရတယ်။
ကျောင်းသားကိုယ်စားလှယ်တွေ၊ NNER ကိုယ်စားလှယ်တွေ၊ အစိုးရနဲ့ လွှတ်တော်က ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့ ပထမဆုံးအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်က စိန်ရတုခန်းမမှာ ၁ ဖေဖော်ဝါရီ ၂၀၁၅ နေ့က ကျင်းပဖြင်ခဲ့တယ်။ အဲဒီပထမဆုံးအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက NNER ကိုယ်စားလှယ်တွေဘက်ခြမ်းမှာ ဆရာဘိုးလှိုင်တို့၊ ဆရာသိန်းလွင်တို့၊ ဆရာတင်အောင်တို့ လူကြီးတွေက ရှေ့တန်း၊ ကျနော်တို့လူငယ်တွေက သူတို့နောက် ဒုတိယတန်း တတိယတန်းတို့မှာ နေရာယူထိုင်နေကြတယ်။ ဆရာဘိုးလှိုင်နဲ့ ကျနော်နဲ့က ရှေ့နောက် တည့်တည့်ကျတာပေါ့။ လေးပွင့်ဆိုင်အဖွဲ့တွေ နေရာယူထားပုံက ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွေက မျက်နှာချင်းဆိုင်၊ NNER ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အမတ်တွေက မျက်နှာချင်းဆိုင်၊ ကျနော်တို့ NNER အဖွဲ့တွေရဲ့ ဘယ်ဘက်က ကျောင်းသားတွေ၊ ညာဘက်က အစိုးရအဖွဲ့တွေပေါ့။
တကြိမ်မှာ မျက်နှာချင်းဆိုင်ဘက်ခြမ်း လွှတ်တော်ကိုယ်စားလှယ်အုပ်စုထဲက အမတ်မြတ်ဉာဏစိုးက ထပြီးပြောတယ်။ ကျောင်းသားသမဂ္ဂတွေ ဆရာသမဂ္ဂတွေကို အစိုးရရဲ့ခွင်ပြုချက် တက္ကသိုလ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်အရ ဥပဒေနဲ့အညီဖွဲ့စည်းဖို့ဆိုပြီး ပြောတာပါ။ ဒါနဲ့ပဲ ကျနော်က ထပြီး ကိုလိုနီခေတ်ကျွန်ဘဝတုန်းက ပြဋ္ဌာန်းထားတဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေမှာတောင် ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေကို ဘယ်လိုဖွဲ့ပါဆိုပြီး ချုပ်ကိုင်မထားဘူး။ ဘယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့ခဲ့တာ မဟုတ်၊ ကိုယ့်သဘောကိုယ့်ဆန္ဒနဲ့သာ ဖွဲ့ခဲ့ကြတာ။ တက္ကသိုလ်ကောင်စီမှာ ပါဝင်ပေးဖို့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် နှစ်ဦး၊ ဆရာသမဂ္ဂက ကိုယ်စားလှယ် တဦး ပေးပါလို့သာ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (k) နဲ့ (l) တို့မှာ တောင်းဆိုထားတယ်ဆိုပြီး ပြောလိုက်တယ်။
ဆက်လက်ပြီး မန္တလေးတက္ကသိုလ် အက်ဥပဒေအကြောင်း စပြောနေချိန် ဆရာဘိုးလှိုင်က နောက်ဘက်အသာလှည့်ပြီး သူ့လက်ထဲက ၁၉၅၇ ခုနှစ်၊ မန္တလေးတက္ကသိုလ် အက်ဥပဒေစာအုပ်ကလေးကို လှမ်းကမ်းပေးပါတယ်။ ဆရာဘိုးလှိုင်က ကျကျနနစာအုပ်အဖြစ်ချုပ်ထားတဲ့ မန်းတက္ကသိုလ်အက်ဥပဒေစာအုပ်လေးပါ။ ကျနော်ကလည်း အဲဒီအချိန်က ဒီတက္ကသိုလ်အက်ဥပဒေနှစ်ခုကို အလွတ်နီးပါးရနေတာရယ် လွှတ်တော်အမတ်တွေကို မင်းတို့တွေ ငါလိုကျောင်းဆရာတောင် ဥပဒေကို စာအုပ်မကြည့်ဘဲ အလွတ်ရတယ်ဆိုပြီး လူဝါးဝချင်စိတ်က ကြီးစိုးနေတော့ စာအုပ်လက်ကမ်းပေးတဲ့ ဆရာဘိုးလှိုင်ကို မယူတော့ဘူးဆိုတဲ့သဘောနဲ့ အသာလက်ကာပြလိုက်ပါတယ်။ ဆရာဘိုးလှိုင် နားလည်သဘောပေါက်မှာပါ။ မန်းတက္ကသိုလ်အက်ဥပဒေကလည်း ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မူတည်ရေးဆွဲထားတော့ ဥပဒေပုဒ်မနံပါတ်ကလည်း အတူတူပါပဲ။ မန်းတက္ကသိုလ်အက်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဋ) နဲ့ (ဌ) မှာ တက္ကသိုလ်ကောင်စီမှာ ကျောင်းသားကိုယ်စားလှယ်နဲ့ ဆရာကိုယ်စားလှယ် တဦးစီ ပါဝင်ဖို့ပဲ ရေးသားပြဋ္ဌာန်းထားတာပါ။ တခြားဘာမှ ချုပ်ကိုင်ထားခြင်း မရှိပါ။
ဆရာဘိုးလှိုင်နဲ့ ဒုတိယအကြိမ် အမှတ်တရက ဆရာနဲ့ ဆရာသိန်းလွင်တို့နှစ်ယောက်ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗကသတွေက ဟောပြောပွဲတခု ဖိတ်ကြားလို့ ကျနော်နဲ့ ကိုအောင်လှိုင်မင်း တပည့်ရင်းချာတွေအနေနဲ့ လိုက်ပါသွားတုန်းကပါ။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စီစဉ်ကျင်းပတဲ့ "ကျောင်းသားသမဂ္ဂ၏အခန်းကဏ္ဍနှင့် နိုင်ငံတကာပညာရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများ ဟောပြောပွဲ" ကို ရန်ကုန်တက္ကသိုလ် ရွှေသံလျင်ခန်းမမှာ ၂၂ ဩဂုတ် ၂၀၁၇ (အင်္ဂါနေ့) နေ့လည် ၁ နာရီကနေ ၃ နာရီထိ ကျင်းပခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဟောပြောပွဲကျင်းပတဲ့နေ့က ဆရာသိန်းလွင်ရဲ့မွေးနေ့ပါ။ မနက်စောစောမှာ ဆရာသိန်းရဲ့ ဒဗော်ဂျဲ့ကြီး ကိုအောင်လှိုင်မင်းက သူ့ကားနဲ့ မင်္ဂလာဒုံအိမ်ကနေ ထွက်လာတယ်။ ကျနော်နဲ့သူ ဆရာသိန်းရှိရာမှာ ဆုံတွေ့ကြပြီး ဆရာတပည့် သုံးယောက်သား ဆရာဘိုးလှိုင်အိမ်ရှိရာ တောင်ဥက္ကလာကို ယွန်းကြပါတယ်။ ဆရာဘိုးလှိုင်ကိုခေါ်ပြီး အရှေ့ပိုင်းတက္ကသိုလ်ဆီ ဆက်လက်ချီတက်ကြပါတယ်။ အရှေ့ပိုင်းတက္ကသိုလ်ရောက်တော့ ဗကသတွေနဲ့ ပါချုပ်ဒေါက်တာကျော်ကျော်ခေါင်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ နေ့ခင်းထမင်းတွေဘာတွေ ပြင်ဆင်ကျွေးမွေး ဧည့်ခံကြပါတယ်။ အဲဒီအချိန်တုန်းက ကျနော်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ ပုသိမ်တက္ကသိုလ်ကို ပြောင်းသွားတာ သုံးနှစ်လောက်ရှိနေပါပြီ။ ပါမောက္ခတချို့တလေကပဲ ကျနော့်ကို သိကြပါတော့တယ်။ ဒီတော့ ကျနော်နဲ့ ကိုအောင်လှိုင်မင်းတို့နှစ်ယောက်ကို သူတို့တွေ သိပ်အရေးမပေးကြပါ။ ကျနော်တို့ကလည်း မသိလိုက်မသိသာ ခပ်ကွယ်ကွယ်မှာပဲနေရင်း ထုံးစံအတိုင်း ဆရာဘိုးလှိုင်တို့၊ ဆရာသိန်းတို့ ဟောပြောပွဲစပြီး သိပ်မကြာမီ နှစ်ယောက်သား ရွှေသန်လျင်ခန်းမနားက ဦးပြောင်ဆိုင်သွား ဟေးလားဝါးလားလုပ်ရင်း လဖက်ရည်သွားသောက်ကြတာပေါ့။ ဒီတော့ ဆရာဘိုးလှိုင်တို့ ဆရာသိန်းတို့ ဘာတွေဟောပြောသွားသလဲဆိုတာ မသိခဲ့ရ။ ဒါလည်း အမှတ်တရပါပဲလေ။
ကျနော်က သမိုင်းကျောင်းဆရာ ဝိဇ္ဇာဘက်ကဆိုပေမဲ့ သိပ္ပံပညာ၊ အထူးသဖြင့် ရူပဗေဒဘက်မှာ ဒုံးမဝေးတာ ဆရာဘိုးလှိုင်တို့ ဆရာတင်အောင်တို့စာတွေ ဖတ်ခဲ့ရလို့ပါ။ ဆရာတင်အောင့်စာတွေကို ကျောင်းသားဘဝကတည်းက ပညာပဒေသာစာစောင်တို့ဘာတို့မှာ ကျွမ်းဝင်ခဲ့ပေမယ့် ဆရာဘိုးလှိုင်ရဲ့စာတွေနဲ့က ကျနော် တက္ကသိုလ်ကျောင်းဆရာဖြစ်ပြီးမှ ရင်းနှီးဖြစ်ခဲ့တယ်။ ပထမဆုံးစာအုပ်က ခေးအော့စ်။ ဆရာကိုတာရဲ့ပရိတ်သတ် ဖြစ်ပြီးနေခဲ့တော့ သူ့စာအုပ်တအုပ်မှာ မုံရွေးသိပ္ပံစာစဉ်ဆိုပြီး ကြော်ငြာထားကတည်းက ဗြောင်းတိဗြောင်းဆန် ခေးအော့စ်ကို စိတ်ဝင်စားနေခဲ့တာ စာအုပ်ထွက်ထွက်ချင်း ဖတ်ဖြစ်ခဲ့တာပေါ့။
ခေးအော့စ် (Chaos) စာအုပ်ဟာ ဆရာဘိုးလှိုင်ရဲ့ သိပ္ပံစာပေလက်ရာတွေထဲမှာ အလွန်ထူးခြားပြီး နက်နဲတဲ့စာအုပ်တအုပ်ပါ။ ရှုပ်ထွေးမှုတွေထဲက စနစ်တကျဖြစ်တည်မှု (Order within Chaos) ဟာ ဒီစာအုပ်ရဲ့ အဓိကအကြောင်းအရာ ဖြစ်မယ်ထင်ပါတယ်။ သဘာဝတရားကြီးရဲ့ ခန့်မှန်းရခက်တဲ့ ဖြစ်စဉ်တွေ (ဥပမာအားဖြင့် ရာသီဥတု ပြောင်းလဲမှု၊ သစ်ရွက်ကြွေပုံ၊ လူ့နှလုံးခုန်နှုန်း မမှန်ခြင်း အစရှိတာတွေ) ထဲမှာ သိပ္ပံနည်းကျ နိယာမတွေ ဘယ်လိုရှိနေသလဲဆိုတာကို ရှင်းပြထားပါတယ်။ လိပ်ပြာတောင်ပံခတ်ခြင်း (Butterfly Effect) သီအိုရီအရ ကမ္ဘာ့တဘက်ခြမ်းမှာ လိပ်ပြာတကောင် တောင်ပံခတ်လိုက်ခြင်းဟာ နောက်တဘက်ခြမ်းမှာ မုန်တိုင်းတခု ဖြစ်လာစေနိုင်တယ်ဆိုတဲ့ သေးငယ်တဲ့ အပြောင်းအလဲလေးတခုကနေ သက်ရောက်မှုက impact ကြီးကြီးတခု ဖြစ်စေနိုင်တယ်ဆိုတာကို ရှင်းပြထားပါတယ်။ ဂရိဒဏ္ဍာရီလာစကားလုံး ခေးအော့စ်အကြောင်းကို ကျနော်လို နလပိန်းတုံးကောင်ဖို့များ နားလည်အောင် ရှင်းလင်းရေးသားထားသလား အောက်မေ့ရပါတယ်။ ရူပဗေဒပါမောက္ခတဦးဖြစ်တဲ့ ဆရာဘိုးလှိုင်ဟာ သာမန်လူတွေ နားလည်ရခက်တဲ့ ခေတ်သစ်ရူပဗေဒနဲ့ သင်္ချာသဘောတရားတွေကို မြန်မာစကားပြေနဲ့ အလွန်ရိုးရှင်းအောင် ရေးသားပြနိုင်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ ကျနော်တို့ ပတ်ဝန်းကျင်က လောကကြီးကို ကြည့်တဲ့အမြင်ကို ပြောင်းလဲပေးနိုင်တဲ့ သိပ္ပံအတွေးအခေါ် စာအုပ်ကောင်းတအုပ်ပါပဲ။
ကျနော် တက္ကသိုလ်ကျောင်းဆရာဘဝ စတင်ခဲ့တော့ ဟင်္သာတတက္ကသိုလ်မှာ။ ဆရာများဆောင်မှာ ကြီးစိုးနေတာက ကိုကျော်သူရတို့၊ ကျော်သန်းမိုးတို့ ရွယ်တူ ရူပဗေဒဆရာတွေ။ သူတို့တွေနဲ့အပြိုင် လိုက်အာနိုင်ဖို့ ဆရာဘိုးလှိုင်တို့ကိုပဲ အားကိုးရပါတယ်။ ဆရာ့လက်ရာတွေထဲက ဒုတိယမြောက်ဖတ်ဖြစ်တဲ့စာအုပ်က ပိုးချည်မျှင် မိုးနဂါး။ Iris Chang ရဲ့ Thread of the Silkworm ကို ဘာသာပြန်ထားတာ။ တရုတ်ပြည်က ဒုံးပျံပါရဂူ၊ လေကြောင်းနဲ့အာကာသသိပ္ပံပညာရှင် ရှန်ဆွေရှင်းရဲ့ စိတ်ဝင်စားစရာ ဇာတ်ဆန်လှတဲ့ အတ္ထုပ္ပတ္တိကို ဆရာဘိုးလှိုင်က ပိုးချည်မျှင် မိုးနဂါး နာမည်နဲ့ ဘာသာပြန်ထားတာကို လက်ကမချတမ်း အစအဆုံး ဖတ်ဖြစ်ခဲ့တယ်။ သိပ္ပံပညာရှင်တဦးအကြောင်းကို ရေးသားထားတာ ဖြစ်ပေမယ့် ဆရာဘိုးလှိုင်က ဝတ္ထုတပုဒ်လို စီးမျောလို့ရအောင် ဘာသာပြန်ဆိုထားပါတယ်။ ရူပဗေဒ သဘောတရားတွေကိုလည်း ဖတ်ရသူ ငြီးငွေ့မသွားအောင် ပါးပါးလေး နှောပြီး တင်ပြထားတာပါ။
ဆရာဘိုးလှိုင်ရဲ့စာအုပ်တွေကို ဒီကနေ့ထိ ထွက်သမျှ မလွတ်တမ်း ဖတ်ဖြစ်နေခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလား နေရူး (Jawaharlal Nehru) ရေးသားတဲ့ (Glimpses of World History) ကမ္ဘာ့သမိုင်းအကြောင်းကို ဘာသာပြန်ဆိုထားတဲ့ "လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း" ၊ နောက် "အိန္ဒိယကို တွေ့ရှိခြင်း" (The Discovery of India)၊ အိန္ဒိယသမ္မတဟောင်း အဗ္ဗဒူကလမ် (Abdul Kalam) ရဲ့ Ignited Minds စာအုပ်ကို ဘာသာပြန်ဆိုထားတဲ့ "ဦးနှောက်များကို မီးညှိခြင်း" ၊ ဒေါက်တာလှဘေရဲ့ (The Myanmar Buddhist: His Life from the Cradle to the Grave) ကို ဘာသာပြန်ထားတဲ့ "မြန်မာဗုဒ္ဓဘာသာတစ်ယောက်၏ဘဝ ပုခက်တွင်းမှသည် ဂူတွင်းအထိ" ၊ "ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်" (Why Nations Fail by Daron Acemoglu & James A. Robinson)၊ နယူကလီယာဓာတုဆရာ၏စွန့်စားခန်း၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ၊ နာမည်ကျော်ကြား ဂန္ထဝင်စကား၊ အိုင်စတိုင်းနှင့် ကွမ်တမ်တော်လှန်ရေးနှစ်ကြိမ်၊ စတီဖင်ဟော့ကင်း အက်ဆေးတွေ၊ ဘက်ညီမှုနှင့် လောကနိယာမများ အစရှိသဖြင့်ဆိုပြီး လုံးချပါရစေတော့။ နို့မဟုတ်ရင် ဆရာဘိုးလှိုင်ရဲ့ စာအုပ်တွေအကြောင်း မြင်းထိန်းငတာကပြောသလို ဖြစ်နေတော့မယ်။
ဆရာဘိုးလှိုင်ဟာ သုတေသန စာတမ်းတွေ၊ ဆောင်းပါးတွေ အမြောက်အမြား ပြုစုခဲ့ပြီး တက္ကသိုလ်သုံး ကျောင်းသုံးစာအုပ်တွေကိုလည်း အင်္ဂလိပ် ဘာသာနဲ့ ရေးသားပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၂၄ နိုဝင်ဘာလကုန်ပိုင်းလောက်က သူ့ရဲ့ သုတသနစာတမ်းတစောင်နဲ့ပတ်သက်ပြီး ဆရာဘိုးလှိုင် ရေးထားတာ သတိထားမိလိုက်တယ်။ ၁၉၇၆ ခုနှစ်တုန်းက သူရေးသားထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်းကို ကိုးကားမှု ၇၆၁ ခု ရှိတာကို ၂၇ နိုဝင်ဘာ ၂၀၂၄ ကျမှ သိလိုက်ရလို့ သူ အံ့ဩသွားသတဲ့။ နှစ်ပေါင်း ၄၈ နှစ်အတွင်းမှာ ပညာရှင် ၇၆၁ ယောက်က သူ့ရဲ့စာတမ်းမှာ စိတ်ဝင်စားစရာတခုခုကို တွေ့ခဲ့လို့ပေါ့။ ပြန်တွက်ကြည့်ရရင် တလကို ကိုးကားချက်တခုထက်မကဘူးလို့ ဆိုနိုင်တာပေါ့။ အဓိကအချက်က ၄၈ နှစ်ကြာတော့မှ အဲဒါကို သူသိလိုက်ရတယ် ဆိုတာပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ သိပ္ပံပညာ အထီးကျန်ဆန်မှုရဲ့ ရလဒ်ပဲလို့ ရေးသားထားတယ်။ မြန်မာပညာရှင်တယောက်ရဲ့ စိတ်မကောင်းခြင်းတခုပေါ့။
ဆရာဘိုးလှိုင်ဟာ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မှာ အကြံပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့မှာ အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်၊ မြန်မာ့စွယ်စုံကျမ်းမူသစ် ပြန်လည်ထုတ်ဝေရေး ဦးဆောင်ကော်မတီ ဒုဥက္ကဋ္ဌ (၂) နဲ့ စာတည်းမှူးချုပ် (သိပ္ပံ) အစရှိတဲ့ တာဝန်တွေထမ်းနေရင်း ကျမ်းဂန်စာပေများစွာတွေကိုလည်း မလစ်ဟင်းရအောင် ရေးသားပြုစုနေပါတယ်။ သုတစွယ်စုံဆုတို့၊ ထွန်းဖောင်ဒေးရှင်းဆုတို့၊ အမျိုးသားစာပေဆုတို့ကိုလည်း အကြိမ်ကြိမ် ရရှိထားသူပါ။
ဆရာဘိုးလှိုင်ရဲ့အိမ်သူ ဒေါ်မြမြဆွေကလည်း တခါတုန်းက တက္ကသိုလ်ဆရာမတယောက်ပါ။ ရုက္ခဗေဒကထိကဘဝနဲ့ အငြိမ်းစားယူခဲ့ပြီး ဆရာဘိုးလှိုင်ရဲ့ စာပေရေးသားပြုစုမှုကို အစွမ်းကုန် အားဖြည့်ကူညီပေးနေတာကို ဆရာ့စာတွေထဲမှာ တစွန်းတစခဏခဏတွေ့နေရလို့ တကယ့်ဘဝခရီးဖော် ပါရမီဖက်တယောက်ပါပဲ။ ဆရာမက သူ့တပည့်တွေကသူ့ကို ကန်တော့တာတွေကို စုဆောင်းထားပြီး ကောင်းမှုဒါနအထွေထွေ ပြုနေတာကိုလည်း သတိထားမိပါတယ်။ ဆရာတို့အနှစ်မောင်နှံမှာ သမီးသား ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
ကျနော့်စာလည်း အတော်ရှည်နေပြီ ထင်ပါရဲ့။ ဝမ်းသာစရာစကားနဲ့ လက်စသတ်ပါတော့မယ်။ NNER ရဲ့ နာယကကြီးတဦးဖြစ်တဲ့ ဆရာတင်အောင် (ဒေါက်တာတင်အောင်) အင်္ဂလိပ်လို ရေးခဲ့ဖူးတဲ့ Out of my later years စာအုပ်ကို ဆရာဘိုးလှိုင် ဘာသာပြန်နေပါသတဲ့။ ဘာသာပြန်ပြီးတဲ့အခါ Out of my later years စာအုပ်ထုတ်ဝေခဲ့တဲ့ ဂျူပီတာစာပေကနေပဲ ထုတ်ဝေပေးဖြစ်မယ်လို့လည်း သတင်းသဲ့သဲ့ရထားပါတယ်။
"ဒေါက်ကြီးအင်္ဂလိပ်လိုရေးထားတဲ့ Out of my later years စာအုပ်ထုတ်ဝေပြီးဖြစ်ပါတယ်။ ဒီစာအုပ်ကို ဘိုးလှိုင်ကမြန်မာပြန်ပြီး စာအုပ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ စာအုပ်ထက်ဝက်ကျော်ထိ ပြန်ဆိုပြီးချိန် ကိုဗစ်ကပ်ဘေးဆိုက်လာ၊ ကံကောင်းလို့မသေ၊ ရောဂါရပြီး လုပ်နေတဲ့အလုပ်အဆက်ပြတ်သွားပါတယ်။ ပြန်ဆိုပြီးသမျှပြန်ရှာ ၂၉ မျက်နှာပဲတွေ့ပါတယ်။ လှည်းတန်းရီဗျူးမှာ ထည့်ပေးပါမယ်" လို့ ဆရာဘိုးလှိုင် ကိုယ်တိုင်ပြောပြပါတယ်။ (The Hledan Review 2025) ဘာပဲဖြစ်ဖြစ် NNER ရဲ့ နာယကလူကြီးနှစ်ယောက်ရဲ့ ဆုံဆည်းမှုလက်ရာကို ဖတ်ရတော့မှာမို့ အတိုင်းမသိ ကြည်နူးမိပါတော့တယ်။
ကျနော်တို့အတွက် အဘိုးထိုက်အဘိုးတန် အဘိုးကြီး ဘိုးလှိုင် မာပါစေခင်ဗျာ။
နည်စွာရင် အတိုင်မသိ လိုသတေ
သန်းထိုက်အောင်
ရာဇဝင်ကထိက
ဘဝတက္ကသိုလ်
၁၃ ဧပြီ ၂၀၂၆
ဆရာဘိုးလှိုင်ရဲ့ water colour washing ပုံကို ဗိသုကာစာရေးဆရာ ဆရာညွန့်ဝင်းလေးက ဖန်တီးပေးထားပါတယ်။
ကိုးကား
တင်လှိုင်၊ ဒေါက်တာ။ မြန်မာပြန်။ ၂၀၀၄။ ဒေါက်တာလှဘေ၏ မြန်မာဗုဒ္ဓဘာသာတစ်ယောက်၏ဘဝ ပုခက်တွင်းမှသည် ဂူတွင်းအထိ (The Myanmar Buddhist: His Life from the Cradle to the Grave by Dr. Hla Pe)။ ရန်ကုန်၊ ဒေါင်းစာပေ။
ဘိုးလှိုင်။ ၂၀၀၉။ အိန္ဒိယကို တွေ့ရှိခြင်း။ ရန်ကုန်၊ မုံရွေးစာပေ။
------။ ၂၀၁၂။ နယူကလီယာ ဓာတုဆရာ၏ စွန့်စားခန်း။ ရန်ကုန်၊ မုံရွေးစာပေ။
------။ ၂၀၁၅။ "ရူပဗေဒဆရာတစ်ယောက်၏ ရီလေတီဗီတီ အတွေ့အကြုံ။" အထွေထွေရီလေတီဗီတီ ရာပြည့်အထိမ်းအမှတ်စာစောင် မှ၊ ၈၉-၁၂၇။ ရန်ကုန်၊ ဂျူပီတာစာပေ။
------။ ၂၀၁၆။ "နဂါးနီ၏ နိုင်ငံရေးစာပေစာတမ်း။" နိုင်ငံရေးစာပေစာတမ်းများ (ပထမတွဲ) မှ၊ ၃-၆၄။ ရန်ကုန်၊ စာပေဗိမာန်။
------။ မြန်မာပြန်။ ၂၀၂၁။ ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း (ရှေးဟောင်းနှင့်ခေတ်အလယ်ပိုင်း)။ ရန်ကုန်၊ ထွန်းဖောင်ဒေးရှင်း။
------။ ၂၀၂၁။ ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း (ရှေ့ပြေးခေတ်သစ်အပိုင်း)။ ရန်ကုန်၊ ထွန်းဖောင်ဒေးရှင်း။
------။ ၂၀၂၁။ ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်း (ခေတ်သစ်အပိုင်း)။ ရန်ကုန်၊ နှင်းဆီဖြူစာပေ။
------။ ၂၀၂၃။ ပိုးချည်မျှင် မိုးနဂါး။ ရန်ကုန်၊ လွင်ဦးစာပေ။
Phoe Hlaing. 2024. "Great wonder for me." Facebook, November 28, 2024. https://www.facebook.com/share/p/18P97vd7E6/.
The Hledan Review. 2025. "ဒေါက်တာတင်အောင် အကြောင်း ( ဘိုးလှိုင် )။" Facebook, December 18, 2025. https://www.facebook.com/share/p/1F63g35Asm/.
Thein Lwin. 2020. "မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၆)။" Facebook, October 10, 2020. https://www.facebook.com/share/p/1JPFUbDgBx/.
Tin Hlaing. 2023. "ဒေါ်မြမြဆွေ ( ရုက္ခဗေဒ ကထိကငြိမ်း ) ၏ ဆရာကန်တော့ပွဲများမှ နောက်ဆက်တွဲဖြစ်လာသော ကုသိုလ်ကောင်းမှုကို အသိပေးခြင်း။" Facebook, December 20, 2023. https://www.facebook.com/share/p/1BqFrxMEdK/.

Collection
Citation
“ဒေါက်တာတင်လှိုင် ၈၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ - ရေး သန်းထိုက်အောင်,” MoeMaKa Online Library Archives, accessed April 14, 2026, https://moemaka.net/omeka2/items/show/2793.