Khin Myo Chit on BBC May 2020

_113172104_f319846b-4032-412f-9c7f-339530d1ee6f (1).jpg
_112093584_7 (1).jpg
_112093582_6.jpg
_112093568_5.jpg
_112093566_4.jpg
_113165153_e71283ea-6acf-4e85-a2c8-cfd9bee22baa.jpg
_112093504_3.jpg
_112093502_2.jpg
_112093500_1-copy.jpg

Dublin Core

Subject

Description

ခင်မျိုးချစ် ရာပြည့်ကျော် ဘီဘီစီ အမှတ်တရ

Source

BBC

Person Item Type Metadata

Birth Date

Death Date

1999

Occupation

Biographical Text

နံပါတ်တုတ်နဲ့ အရိုက်ခံရတဲ့ စာရေးဆရာမ

၃ မေ ၂၀၂၀

စာရေးဆရာမကြီး ခင်မျိုးချစ်ကို မြန်မာပြည်အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့သူ အဖြစ် လူသိများသလို လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူအဖြစ်လည်း ထင်ရှားပါတယ်။

နောက် မြန်မာအမျိုးသမီးတွေကို ယဉ်ကျေးမှုအစဉ်အလာတွေနဲ့ ဖိနှိပ်ထားတာတွေကို အစောဆုံး ထောက်ပြခဲ့သူတယောက်အဖြစ် လူသိများပါတယ်။

ရေသောက်မြစ်

ခင်မျိုးချစ်ခေါ် မခင်မြဟာ ပုဂံကျောက်စာရုံးမှာ အလုပ်လုပ်တဲ့ မြန်မာပညာရှိ ဦးဘေနဲ့ ဗန်းမော်ခင်လေးကြီးတို့ရဲ့ မြေးဖြစ်လို့ နန်းတွင်းနဲ့ မကင်းတဲ့ မိသားစုအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ပါတယ်။ နောက် ဘကြီးတော် ဘုရားလက်ထက်က ကျီဝန်ကြီး ဦးကျော်ခေါင်နဲ့ မင်းတုန်းမင်းခေတ်က လောင်းရှည်ဝန်ကြီး ဦးမောင်ကလေးတို့ သားအဖကလည်း ခင်မျိုးချစ်ရဲ့ ဘိုးဘေးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ခင်မျိုးချစ်ဟာ စာရေးဆရာ အသင်းပြဇာတ်တပုဒ်မှာ သူနဲ့ ဆွေမျိုးမကင်းတဲ့ ဒိုင်းအတွင်းဝန်ကတော်အဖြစ် သရုပ်ဆောင်ခဲ့တယ်လို့ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးက ပြောဆိုခဲ့တာပါ။

ဘိုးဘွားတွေဆီက ခင်မျိုးချစ် သိခဲ့ရတဲ့ မြန်မာရာဇဝင်ဖြစ်ရပ်တွေဟာ နောက်ပိုင်းမှာ သူအင်္ဂလိပ်ဘာသာနဲ့ ရေးမယ့် မြန်မာ့ယဉ်ကျေးမှု စာအုပ်တွေရဲ့ ရေသောက်မြစ် ဖြစ်လာပါတယ်။ တခါ သူနဲ့ ဘွားဒွေးတော်စပ်တဲ့ မင်းတုန်းမင်းရဲ့ သမီးတော်တပါးနဲ့ အတူနေခဲ့စဉ်က ဖဲရိုက်၊ သီချင်းဆို၊ ပုံပြောတာတွေ လုပ်ကြတယ်လို့လည်း သူက ပြန်ပြောင်းရေးပြခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ခင်မျိုးချစ်တို့ စာပေမောင်နှံ

အိမ်တော်ရာဘုရားကစ

ငယ်စဉ်ကလေးဘဝက မန္တလေး အိမ်တော်ရာဘုရားမှာ ခါတော်မှီလမုန့်နဲ့ လက်ဖက်ရည်ကြမ်းမြည်းရင်း နိပါတ်တော်ကားတွေ ကြည့်တာကနေ သူ့ဘဝ စာဖတ်ဝါသနာ စလာခဲ့တယ်လို့ ခင်မျိုးချစ်က စာအုပ်စင်ကျေးဇူး ဆောင်းပါးမှာ ရေးခဲ့ပါတယ်။

ဦးပုညနဲ့ လှိုင်ထိပ်ခေါင်တင်တို့ရေးတဲ့ စာတွေကို ကလေးဘဝကတည်းက အလွတ်ရအောင် ဖတ်ရှုလာခဲ့သလို ကျောင်းတက်တဲ့အခါမှာလည်း အင်္ဂလိပ် ဂန္ထဝင် စာပေနဲ့ နီးစပ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ဖခင် ပုလိပ်အရာရှိရဲ့ မိတ်ဆွေ အစိုးရ အရာရှိကြီးတွေ အိမ်က စာအုပ်တွေကို မွှေနှောက်ဖတ်ရှုပြီး ရှိတ်စပီးယားနဲ့ တခြားအင်္ဂလိပ် စာရေးဆရာကြီးတွေရဲ့ လက်ရာတွေကို အလွတ်ရတဲ့အထိ သူကျွမ်းဝင်လာခဲ့တာပါ။

ဒီအခြေခံတွေနဲ့ နောင်မှာ အင်္ဂလိပ်စာ ပို့ချတာတွေ လုပ်ခဲ့သလို အင်္ဂလိပ်စာရေးဆရာအဖြစ်ပါ အောင်မြင်ခဲ့ပါတယ်။

သူတို့ခေတ်က ခေတ်မီတဲ့ အနောက် နိုင်ငံတွေမှာ ဒီလိုစာပေမြတ်နိုးတဲ့ အမျိုးသမီးတွေအတွက် တက်လမ်းတွေ ရှိပေမယ့် အမျိုးသမီးတွေကို သေစာရှင်စာတတ် ပြီးရော သဘောထားတဲ့ ခေတ်နောက်ကျတဲ့ အသိုင်းအဝိုင်း မှာတော့ ဒါဟာ လက်မခံနိုင်စရာ ဖြစ်ပါတယ်။

နောက် ရှေးရိုးဆန်တဲ့ မိဘအုပ်ထိန်းမှုကြောင့် သူဖြစ်ချင်တဲ့ဘဝကို စိတ်ကြိုက်မတည်ဆောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဆရာဝန်ဖြစ်ချင်တဲ့ ခင်မျိုးချစ် အလောင်းအလျာ မခင်မြဟာ ကောလိပ်မှာ တနှစ်ပဲ နေပြီး ကျောင်းထွက် ခဲ့ရပါတယ်။

ဓာတ်ပုံ ပုံစာ,

ခင်မျိုးချစ်နဲ့ မြေးအမြွာ

ဖောက်ထွက်သူ

ကျောင်းမဂ္ဂဇင်းမှာ သူဘာသာပြန်တဲ့ ကဗျာတပုဒ်ကို ဖော်ပြရာက အယ်ဒီတာ ဒေါ်သန်းရင်က ပေးတဲ့ ခင်မျိုးချစ် အမည်ကို ရခဲ့ပါတယ်။ ဒဂုန်မဂ္ဂဇင်းမှာလည်း ဝတ္ထုတွေ ရေးပြီး စာပေဘဝကို စတင်ခဲ့ပါတယ်။ မိန်းကလေး ဝတ္ထုရေးတာကို ပျက်စီးတာလို့ သတ်မှတ်တဲ့ မိသားစုအသိုင်းအဝိုင်းက မနှစ်မြို့တဲ့ကြားက တွန်းလှန်ဖောက်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

အပြင်ဘက် အလုပ်လုပ်ချင်ပေမယ့် အရာရှိသမီးဟာ အပြင်မှာ အလုပ်မလုပ်ရဘူးဆိုတဲ့ ချုပ်ချယ်မှုတွေကြောင့် လုပ်ခွင့်မသာခဲ့ပါဘူး။ နောက်ဆုံး အဘိုးဖြစ်သူ အကူအညီနဲ့ ရန်ကုန်က တိုးတက်ရေး မဂ္ဂဇင်းမှာ အယ်ဒီတာ အလုပ်ရခဲ့ပါတယ်။ ဒဂုန်ခင်ခင်လေးနဲ့ ဒဂုန်ခင်လေးဆွေနောက် အမျိုးသမီးစာရေးဆရာအဖြစ် ထွန်းပေါက်လာသူတွေထဲမှာ ခင်မျိုးချစ်ဟာ မာလာ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေးတို့ထက် စောတဲ့ ကလောင်ရှင် တချောင်း ဖြစ်ပါတယ်။

အဲဒီနောက် သခင်နိုင်ငံရေးသမားတွေနဲ့ ဆက်မိပြီး ၁၃ဝဝပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ရာက ဗိုလ်အောင်ကျော်ကျတဲ့နေ့မှာပဲ ခင်မျိုးချစ်လည်း နံပါတ်တုတ်နဲ့ အရိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို ဗြိတိသျှစာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ်စ် လာတုန်း စာရေးဆရာတွေနဲ့ တွေ့တဲ့ပွဲမှာ ခင်မျိုးချစ်က ဓာတ်ပုံတွေပြပြီး တိုင်ကြားခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ခင်မျိုးချစ်ရဲ့ အစောပိုင်းလက်ရာ

မလောက

တဘက်မှာလည်း နိုင်ငံရေးသမားတွေနဲ့ ပေါင်းရင်း သူတို့ရဲ့ အမျိုးသမီးတွေကို နှိမ်တဲ့အကျင့်ကို မနှစ်သက် ဖြစ်လာခဲ့ပါတယ်။ သူတည်းဖြတ်ပြုပြင်ပေးတဲ့ စာအုပ်တအုပ်ကို နဂါးနီက ထုတ်ဝေရာမှာ သူ့နာမည် မထည့်တာ လိုမျိုး ခွဲခြားမှုနဲ့ ကြုံခဲ့ရတယ်လို့လည်း စာရေးဆရာဘဝ စာအုပ်မှာ ရေးခဲ့ပါတယ်။ ဒီလိုကန့်သတ်မှုတွေကြောင့် အမျိုးသမီးအဖွဲ့တွေမှာ တက်ကြွတဲ့ ခင်မျိုးချစ်ဟာ နိုင်ငံရေးမှာ နေရာ မပေးခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ ပုံစာ,

အိပ်ခ်ျဂျီဝဲလ်စ် လာတုန်းက

သူ့ဘဝမှာ ကံကောင်းတာကတော့ သူ့ကို နားလည်တန်ဖိုးထားတဲ့ ဦးခင်မောင်လတ်နဲ့ လက်ထပ်ခဲ့တာပါ။ သူဟာ ဟင်းချက်မကောင်းဘူးလို့ သော်တာဆွေ စတဲ့ စာရေးဆရာတွေက ကျီစယ်ရေးသားတာ ခံခဲ့ရပေမယ့် အမျိုးသမီးနောက်ခံ ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒီထဲမှာ ကောလိပ်ကျောင်းသူနဲ့ မောင်တို့ယောက်ျားလည်း ပါပါတယ်။

စစ်အတွင်းမှာတော့ တပ်မတော်မှာ ဘောင်းဘီဝတ် အမှုထမ်းပြီး ပြည်ပရေဒီယိုသတင်း နားထောင်ပြီး ဖြန့်ဖြူးတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာ စစ်သတင်းနားထောင်တာဟာ အင်မတန်ဘေးများတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီတာဝန်ကို ခင်မျိုးချစ် မကြောက်မရွံ့ ထမ်းဆောင်ခဲ့ပါတယ်။ ဂျပန်ခေတ် အဓိပတိကတော်နဲ့ ပွဲတွေလိုက်ရတာကိုတော့ ဟန်ပန်များတဲ့ အမျိုးသမီးတွေနဲ့ ဆက်ဆံရလို့ စိတ်ညစ်တယ်လို့ ရေးခဲ့ပါတယ်။

သတင်းစာ အယ်ဒီတာ

စစ်မဖြစ်ခင် ဘုံဘေဘားမားသစ်ကုမ္ပဏီမှာ ခင်ပွန်းနဲ့ အတူလုပ်တဲ့သူတွေထဲက ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးကိုကိုကြီး၊ ဗိုလ်မှူးချုပ်တင်ဖေနဲ့ ဗိုလ်မှူးကြီးဘသန်း (ဓမ္မိက)တို့နဲ့ သူသိကျွမ်းခဲ့ပြီး ဦးကိုကိုကြီး ပို့ချတဲ့ ဆိုရှယ်လစ် သင်တန်းကိုလည်း စစ်ပြီးစမှာ သူတက်ခဲ့ပါတယ်။ အဲဒီ အဆက်အသွယ်တွေကြောင့် ၁၉၆၂ အာဏာသိမ်းပြီးနောက် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေရာမှာ သူနဲ့ ဦးခင်မောင်လတ်ကို အယ်ဒီတာ အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက တာဝန်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရသတင်းစာမှာ လွတ်လပ်ခွင့်ရှားတဲ့အတွက် သူတို့ မပျော်ပိုက်ဘဲ ထွက်ခဲ့ကြပါတယ်။ ဦးခင်မောင်လတ်ကို သံအမတ်ရာထူးပေးဖို့ ဗိုလ်ချုပ်ကြီးက စီစဉ်တာကိုလည်း ငြင်းပယ်ခဲ့တယ်လို့ ကြေးမုံဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုးတက်ရေးစားပွဲက ခင်မျိုးချစ်

ဆိုရှယ်လစ်ခေတ်မှာ ပြည်သူ့အကျိုးပြု ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ အနုပညာလွတ်လပ်ခွင့် ကန့်သတ်ဖို့ ကြံစည်ခဲ့တာတွေကို ခင်မျိုးချစ်က ကန့်ကွက်ခဲ့တယ်လို့လည်း လန်ဒန်တက္ကသိုလ်က မြန်မာစာကထိကဟောင်း အန်နာအဲလော့က ဗီအိုအေအသံလွှင့်ဌာနကို ပြောပြခဲ့ပါတယ်။

မြန်မာပြည်မှာ သတင်းစာပညာအကြောင်း သူရိယဦးသိမ်းမောင်နောက်မှာ ဒုတိယ အစောဆုံးလောက် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာကတော့ ခင်မျိုးချစ် ဖြစ်ပါတယ်။

လူတွေကြားက ဘုရင်

ခင်မျိုးချစ်ကို မြန်မာ့ယဉ်ကျေးမှုကို ပြည်ပစာဖတ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးတဲ့ စာရေးဆရာအနေနဲ့ သိကြပါတယ်။ မြန်မာအမျိုးသမီးထဲမှာ အင်္ဂလိပ်လိုရေးနိုင်သူတွေအဖြစ် ဒေါ်မြစိန်နဲ့ မီမီခိုင်တို့နောက် ထင်ရှားလာသူ လည်း ဖြစ်ပါတယ်။ အဲဒီနှစ်ယောက်လို ပြည်ပမှာ ဘွဲ့လွန်သင်ခဲ့တာ မဟုတ်ပေမယ့် ခင်မျိုးချစ်ဟာ စစ်ပြီးမှ ကျောင်းပြန်တက် ဘွဲ့ယူပြီး အင်္ဂလိပ်လို ရေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

သူရေးတဲ့ စာအုပ်တွေဟာ စာရေးဆရာလေပါတဲ့အတွက် ရွှင်သလို စိတ်ကူးလည်း ကွန့်မြူးပါတယ်။ သူကိုယ်တိုင်လည်း ဇာတ်၊အငြိမ့်စတဲ့ မြန်မာ့အနုပညာတွေကို လိုက်စားသူဖြစ်လို့ သူရေးတဲ့ ရုပ်သေးလေးရုပ်နဲ့ (၁၂) ရာသီပွဲတော်တွေအကြောင်း စာအုပ်တွေကို လူကြိုက်များခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

မျိုးချစ်ဗမာ့တပ်မတော်က ဗိုလ်ခင်မောင်လတ်

ဒါပေမဲ့ ပုဂံသမိုင်းကို စိတ်ကူးနဲ့ ဖွဲ့တဲ့ အနော်ရထာနဲ့ သူရဲကောင်းများအကြောင်း စာအုပ်ကတော့ အစိုးရသတင်းစာမှာ ရေးခဲ့တာ ဖြစ်ပေမယ့် ကနေ့ထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စာအုပ်နာမည်ကို လူတွေကြား က ဘုရင်လို့ ပြောင်းလဲ ထုတ်ဝေခဲ့တာကတော့ အာဏာရှင်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းကို ပြောင်လှောင်သလို ရှိခဲ့ပါတယ်။

ဆိုရှယ်လစ် တံခါးပိတ်ခံရတဲ့ခေတ်မှာ မြန်မာအကြောင်း ပြည်ပကို ရှင်းပြသလို ပြည်ပယဉ်ကျေးမှု စာပေတွေကို မြန်မာတွေအတွက် မိတ်ဆက်တဲ့ အလုပ်ကိုလည်း လူထုပညာတတ်တဦးဖြစ်တဲ့ ခင်မျိုးချစ် ကျေပွန် ခဲ့ပါတယ်။ ဒါကြောင့် မိုက်ကယ်အန်ဂျလို၊ ဥရောပစာပေနိဒါန်း နဲ့ ဥရောပအနုပညာမိတ်ဆက်လို စာအုပ်တွေ ထွက်လာခဲ့ပါတယ်။

ပုလိပ်နိုင်ငံကြီး

ခင်မျိုးချစ်ဟာ ၁၉၈၈ ကာလအတွင်းမှာလည်း ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး ဆောင်းပါးနဲ့ သမ္မတ ဒေါက်တာမောင်မောင်ကို ဝေဖန်ခဲ့ပါတယ်။ ကိုမောင်မောင်ရယ် မမမြတို့ နိုင်ငံကြီးဟာ ပုလိပ်နိုင်ငံကြီး ဖြစ်သွားမှာပေါ့လို့ သတိပေးခဲ့တဲ့ ခင်မျိုးချစ်ဟာ စစ်အစိုးရအုပ်ချုပ်မှုကို တတိယအကြိမ်တွေ့ကြုံခဲ့ပြီး ဆယ်နှစ်ကျော်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ပြည့်တန်ဆာပပျောက်ရေး ဆွေးနွေးပွဲက ခင်မျိုးချစ်

သူကွယ်လွန်ချိန်မှာတော့ သူဟာ မြန်မာပြည်က နိုဘယ်ဆုရ အတိုက်အခံခေါင်းဆောင်ကို လက်ခံတွေ့ဆုံရဲတဲ့ ရှားရှားပါးပါးအမျိုးသမီးတယောက်လို့ ဗြိတိန်ထုတ် အင်ဒီပင်းဒင့်သတင်းစာက ရေးသားခဲ့ပါတယ်။

စစ်အစိုးရခေတ်တခုမှာ ပညာနဲ့ နေရာရခဲ့ဖူးပေမယ့် မကြိုက်လို့ လမ်းခွဲခဲ့တဲ့ ခင်မျိုးချစ်ဟာ ကြောက်စရာရှိလည်း ကြောက်ပါ၊ လုပ်စရာရှိတာတော့ လုပ်လို့ ရေးခဲ့ဖူးတယ်လို့လည်း အန်နာအဲလော့က ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

ခင်မျိုးချစ် (၇ဝ ) ပြည့်မွေးနေ့က မိုးမိုး (အင်းလျား)၊ ကြူကြူသင်း

From

https://www.bbc.com/burmese/in-depth-52517316

Citation

“Khin Myo Chit on BBC May 2020,” MoeMaKa Online Library Archives, accessed May 19, 2024, http://moemaka.net/omeka2/items/show/2775.