Nat Mauk Tun Shein

77306786_2490194884603645_8365010947164602368_n.jpg

Dublin Core

Subject

Description

နတ်မောက်ထွန်းရှိန်

Creator

မန္တလေးအဘိဓာန်

Person Item Type Metadata

Birth Date

Death Date

2019

Occupation

Biographical Text

နတ်မောက်ထွန်းရှိန် (၁၉၃၇-၂ဝ၁၉)။ ။ မန္တလေးမြို့က ထင်ရှားသောသတင်းစာဆရာ၊ စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ အမည်ရင်း ဦးထွန်းရှိန်။ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာလ ၁၃၊ စနေနေ့တွင် အဖ ဦးကျော်ဟန် အမိ ဒေါ်ညိုလေးတို့က မကွေးတိုင်း နတ်မောက်မြို့ ဘော်အိုင်ကျေးရွာ၌ မွေးဖွားခဲ့သည်။ သားသမီး ၉ ယောက်အနက် တတိယမြောက်သားဖြစ်ပြီး ငယ်စဉ် ကျောင်းသားဘဝမှ ကဗျာစပ်နည်းများသင်ယူခဲ့သည်။ မန္တလေး စိန်တောင်ကျောင်းတွင် ပဉ္စမတန်းအဆင့် သင်ယူစဉ် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ကဗျာပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည်။ ၁၉၅၇-၅၈ တွင် မန္တလေးမြို့မှ မိတ်ဆွေများနှင့်အတူ ပန်တော်သစ်မဂ္ဂဇင်းထုတ်ဝေရာ စာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၉ တွင် နတ်မောက် မြို့နယ် နဘူးကွဲရွာ၌ မူလတန်းဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ တွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး လူထုသတင်းစာတိုက်တွင် စာပြင် ဆရာအယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း ဆောင်းပါးများ၊ကဗျာများရေးသားခဲ့သည်။ လူထုသတင်းစာ အပိတ်ခံရပြီးနောက်ပိုင်းတွင် လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်၊ ဟံသာဝတီသတင်းစာ ၁၉၆၉-၁၉၇၈ တွင် မြို့နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ပြီး သတင်းဆောင်ပါးများရေးခဲ့သည်။ မန္တလေးမြို့မရွှေရတုမဂ္ဂဇင်းနှင့် စိန်ရတုမဂ္ဂဇင်း၊ မလွန် မန္တလေးမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့။ ၁၉၉၀ တွင် မန္တလေးယဉ်ကျေးမှုဂျာနယ်ကိုတည်ထောင်ထုတ်ဝေခဲ့သည်။ မန္တလေးမြို့ထုတ် အထက်မြန်မာဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ စတင်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ဝေသော မန္တလေးနေ့စဉ် သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ ဂုဏ်ထူးဆောင်အသင်းသားဖြစ်သည်။ ထုတ်ဝေခဲ့သော စာအုပ်များမှာ မန္တလေးယဉ်ကျေးမှု အနုပညာ (၁၉၇၉)၊ သူတို့တေး၊ သူတို့ဘဝ၊ သူတို့အနုပညာ (၁၉၈၀)၊ ကိုယ်တွေ့မန္တလေးမီး(၁၉၈၄)၊ ချိုပြုံး ရွှင်သော မြနန္ဒာနှင့် မန်းသင်္ကြန်ရုပ်စုံ (၁၉၈၇)၊ ပါတော်မူမှသည် ဇာတိမာန် (၁၉၉၀)ယနေ့မန္တလေး (၁၉၉၄)၊ ဝင်းတွေနှင့်တည်ခဲ့သည့် မင်းနေပြည် (၂၀ဝ၁) သုတပဒေသာ-ဝိဇ္ဇာဘာသာရပ်ဖြင့် အမျိုးသားစာပေ ဆုရ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများ (၂၀ဝ၉)၊ နှစ် (၁၅၀)ပြည့် မန္တလေး (၂၀ဝ၉)၊ ရတနာပုံမန္တလေး နိပါတ်ပန်းချီကျော်များနှင့် ဗုဒ္ဓဝင်ပညာပေး မြန်မာ့နိပါတ်ပန်းချီလက်ရာများ (မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာ အမျိုးသား စာပေဆုရ) (၂၀၁၁)၊ မန္တလေးခေတ် ပိဋကတ်စာပေပုံနှိပ်တိုက်များ နှင့်မန္တလေးခေတ် ပိဋကတ်စာအုပ်အရောင်းဆိုင်များ (၂၀၁၅)(သုတပဒေသာဘာသာရပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆုရ) လှူကြတန်းကြ မန္တလေးမြို့က ကျောင်းအမများ (၂၀၁၅)၊ ယဉ်ကျေးမှုမြို့တော်မှ မြန်မာ့ရိုးရာဆယ်ပွင့်ပန်း (၂၀၁၆)၊ မန္တလေးရတနာပုံဘုရားစုံ (၂၀၁၇) အစရှိသော စာအုပ်များဖြစ်သည်။ ၂ဝ၁၉ နိုဝင်ဘာလ ၃ဝ ရက်၊ နေ့လည် ၃ နာရီ ၃ဝ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီး-ဒေါ်မြမြ (ကွယ်လွန်)၊ သားသမီး ငါးယောက်ရှိသည်။ အကွက် ၁၈၈၊ လမ်း၂၀၊ ၈၆လမ်း၊ အောင်မြေသာစံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတွင်နေထိုင်ခဲ့သည်။

Citation

မန္တလေးအဘိဓာန်, “Nat Mauk Tun Shein,” MoeMaKa Online Library Archives, accessed September 17, 2025, http://moemaka.net/omeka2/items/show/2736.